အရှေ့တောင်အာရှ လူကုန်ကူးမှုသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်လာချိန်တွင် ရာဇဝတ်ဂိုဏ်းများက တစ်နှစ်ကို အမေရိကန်ဒေါ်လာသုံးထရီလျံ ရရှိနေသည်ဟု အင်တာပိုအကြီးအကဲ ပြောကြား

အရှေ့တောင်အာရှ လူကုန်ကူးမှုသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်လာချိန်တွင် ရာဇဝတ်ဂိုဏ်းများက တစ်နှစ်ကို အမေရိကန်ဒေါ်လာသုံးထရီလျံ ရရှိနေသည်ဟု အင်တာပိုအကြီးအကဲ ပြောကြား
Published 29 March 2024

လူကုန်ကူးမှုက လောင်စာထိုးပေးလိုက်သော လိမ်လည်မှုသည် အရှေ့တောင်အာရှတွင်ဖြစ်ပွားလျက်ရှိပြီး စနစ်တကျကျူးလွန်သော ရာဇဝတ်ဂိုဏ်းများသည် နှစ်စဉ်တရားမဝင်ဝင်ငွေ အမေရိကန်ဒေါ်လာ သုံးထရီလျံနီးပါး ရရှိနေသည်ဟု နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုအကြီးအကဲက ထုတ်ဖော်ပြောကြားခဲ့သည်။

စနစ်တကျကျူးလွန်သော နိုင်ငံတကာရာဇဝတ်အုပ်စုတစ်စုသည် နှစ်စဉ်အမေရိကန်ဒေါ်လာဘီလျံ ၅၀ ရရှိနေသည်ဟု အင်တာပိုအတွင်းရေးမှူးချုပ် ဂျာဂင်စတော့က ပြောကြားခဲ့ပြီး တရားမဝင်ငွေ အမေရိကန်ဒေါ်လာ နှစ်ထရီလျံမှ သုံးထရီလျံသည် နှစ်စဉ်ကမ္ဘာ့ငွေကြေးစနစ်တွင် စီးဆင်းနေသည်ဟု ဆိုသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ထုတ်ပြန်အရ ပြင်သစ်စီးပွားရေး၏လည်ပတ်မှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ထရီလျံနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်ဟု ဆိုသည်။

မူးယစ်ဆေးဝါးမှောင်ခိုကူးမှုသည် စနစ်တကျကျူးလွန်သော ရာဇဝတ်အဖွဲ့များ၏ ဝင်ငွေ ၄၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ရှိနေပြီး ယင်းအဖွဲ့များသည် အဆိုပါမူးယစ်မှောင်ခိုကွန်ရက်များကို တရားမဝင်လူကုန်ကူးမှု၊ တရားမဝင် လက်နက်ကုန်ကူးမှု၊ ခိုးယူလာသော ပစ္စည်းများကို တရားမဝင်ကုန်ကူးမှုတို့အပြင် အခြားကိစ္စများ ဆောင်ရွက်ရာတွင် အသုံးပြုနေသည်ဟု စတော့က ပြောကြားခဲ့သည်။

“အွန်လိုင်းကနေ သိုသိုသိပ်သိပ်လှုပ်ရှားတာတွေကနေ တွန်းအားပေးခဲ့ပြီး လုပ်ငန်းပုံစံသစ်တွေကို လုပ်ကိုင်ချင်စိတ်က လှုံ့ဆော်တာ၊ ကိုဗစ်က အရှိန်မြန်စေတာတို့ကနေ အဲဒီစနစ်တကျကျူးလွန်တဲ့ ရာဇဝတ်အုပ်စုတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်မှာ မတွေးတတ်အောင် ကြီးမားတဲ့အတိုင်းအတာနဲ့ အခုလုပ်ဆောင်နေကြပါတယ်” ဟု မတ် ၂၇ ရက်က အင်တာပို၏ စင်ကာပူရုံးတွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စတော့က ပြောကြားခဲ့သည်။

“ဒီကနေ့မှာ ဘဏ် ဒါမှမဟုတ် တစ်ယောက်ယောက်ဟာ ကမ္ဘာ့အခြားဘက်ခြမ်းက လူတစ်ယောက်က ကီးဘုတ်နဲ့ဓားပြတိုက်တာထက် သေနတ်နဲ့ထောက်ပြီး ဓားပြအတိုက်ခံရဖို့ ဖြစ်နိုင်ခြေ ပိုနည်းသွားပါပြီ။ အရှေ့တောင်အာရှမှာ ဒေသတွင်း ရာဇဝတ်မှုခြိမ်းခြောက်မှုအဖြစ်စတင်ခဲ့တဲ့အရာဟာ ကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှု အကျပ်အတည်းဖြစ်လာပါပြီ။ ဒုက္ခရောက်ရသူ သန်းပေါင်းများစွာဟာ ဆိုက်ဘာ လိမ်လည်ရေးစင်တာတွေမှာရော ပစ်မှတ်ထားလိမ်လည်ခံရသူတွေအဖြစ်ပါ ဖြစ်လာခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အင်တာပိုသည် ၂၀၂၁ ခုနှစ်ကတည်းက အာရှတွင် လုပ်ဆောင်ခဲ့သော စစ်ဆင်ရေးများတွင် နိုင်ငံ ၃၄ နိုင်ငံ၌ လူ ၃၅၀၀ နီးပါးကို ဖမ်းဆီးခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိသော တရားမဝင်ပစ္စည်းများကို သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

တရားမဝင် လူကုန်ကူးခံရသူ ၁၂၀၀၀၀ သည် ပဋိပက္ခဖြစ်ပွားနေသော မြန်မာနိုင်ငံရှိ ခြံဝင်းများထဲတွင် ထိန်းသိမ်းခံထားရသည်ဟု ကုလသမဂ္ဂခန့်မှန်းထားပြီး နောက်ထပ်လူတစ်သိန်းသည် ကမ္ဘောဒီးယားတွင် ထိန်းသိမ်းခံထားရသည်ဟုဆိုသည်။ ယင်းသည် ခေတ်သစ်ကျွန်ပြုမှုပုံစံဖြစ်သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

လာအို၊ ထိုင်း၊ ဖိလစ်ပိုင်တို့တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများရှိနေပြီး ၎င်းတို့သည် အကျိုးအမြတ်များသည့် အွန်လိုင်းလိမ်လည်မှုများမှသည် တရားမဝင် လောင်းကစားလုပ်ငန်းများအထိ ပါဝင်နေသည်ဟု ဆိုသည်။

တရုတ်အနောက်တောင်ပိုင်းနှင့် နယ်ချင်းထိစပ်နေသာ မြန်မာတောင်တန်းဒေသများသည် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ၏ ဗဟိုချက်ဖြစ်သည်ဟု ဆိုသည်။

Most Read

Most Recent