စစ်မြေပြင်မှသည် ဘောလုံးကွင်းဆီသို့

စစ်မြေပြင်မှသည် ဘောလုံးကွင်းဆီသို့
Photo - AP
Photo - AP
Published 21 April 2024

အစ္စရေး၏ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦးဖြစ်သည့် ဘန်ဘင်ယာမင်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က Tribe of Nova  ဂီတဖျော်ဖြေပွဲကို ဟားမာ့စ်တို့က တိုက်ခိုက်ခဲ့ချိန်အတွင်း ၎င်း၏ ညာဘက်ခြေထောက်ကို ဆုံးရှုံးခဲ့ရပြီး သူချစ်မြတ်နိုးသည့် ဘောလုံးကစားခြင်းကို မည်သည့်အခါမျှ ထပ် မံကစားနိုင်တော့မည်မဟုတ်ဟု တွေးထင်မိခဲ့သည်။

“ကျွန်တော်သတိရလာချိန်မှာ ကျွန်တော့် လက်ကျန် ဘဝတစ်လျှောက်လုံး ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ ကုန်ဆုံးရတော့မယ်လို့ ခံစားခဲ့ရပါတယ်”ဟု အသက် ၂၉ နှစ်အရွယ် ဘင်ယာမင်က ပြောသည်။    

ထို့နောက် ဘင်ယာမင်သည် ၎င်း၏ ပုံမှန်ဘဝကို နောက်တစ်ကြိမ်ရစေမည့် အခွင့်အရေးတစ်ခုကို သိရှိခဲ့သည်။ ထိုအခွင့်အရေးမှာ အစ္စရေးလက်ရွေးစင် ခြေလက်အင်္ဂါချို့ယွင်းသူများ ဘောလုံးအသင်း ဖြစ်သည်။

ဟားမာ့စ်တို့နှင့် ဖြစ်ပွားသည့် စစ်ပွဲအတွင်း ခြေထောက်များ ဆုံးရှုံးခဲ့ရသည့် အစ္စရေးစစ်သားနှစ်ဦးပါဝင်သည့် ထိုလက်ရွေးစင်ဘောလုံးအသင်းသည် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုနှင့် ဂါဇာတွင် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း ခြေလက်အင်္ဂါများ ဆုံးရှုံးခဲ့ရသည့် ၎င်းတို့သုံးဦးစလုံးအတွက် စိတ်ဒဏ်ရာကို ကုစားနိုင်မည့် အခွင့်အရေးကို ပေးခဲ့သည်။

ထိုလက်ရွေးစင်အသင်းသည်  ဥရောပ ခြေလက်အင်္ဂါချို့ယွင်းသူများ ဘောလုံးပြိုင်ပွဲအတွက် ဇွန်လတွင် ပြင်သစ်သို့ သွားရောက်ရမည် ဖြစ်သည်။ ထိုပြိုင်ပွဲတွင် အသင်း ၁၆ သင်းပါဝင်ပြီး အများစုမှာ ဥရော ပအသင်းများ ဖြစ်သည်။

“ဒါက ကျွန်တော့်ဘဝမှာ အကောင်းဆုံးအရာပါပဲ”ဟု တဲလ်အဗစ်မြို့ ဆင်ခြေဖုံး ရာမတ်ဂန်မြို့ရှိ ဘောလုံးကွင်းအတွင်း အသင်းနှင့်အတူ တစ်ပတ်လျှင် နှစ်ကြိမ်ပြုလုပ်ရသည့် လေ့ကျင့်ခန်းအတွင်း အစ္စ ရေးစစ်တပ်၏ တပ်ကြပ်အိုမာဂလစ္စတယ်က ပြောကြားခဲ့သည်။

အသက် ၂၀ ရွယ် ဂလစ္စတယ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဂါဇာတွင် ဟားမာ့စ်တို့နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသူဖြစ်ပြီး ယခုကဲ့သို့ လက်ရွေးစင် ခြေလက်အင်္ဂါချို့တဲ့သူများ ဘောလုံးအသင်းတွင် ပါဝင်ကစားခြင်းသည် သူ့ဘဝ၏ အလှည့်အပြောင်းတစ်ခုဖြစ်သည်။

“အရင်က ကျွန်တော် ကစားခဲ့ဖူးတဲ့ ဘောလုံးကစားပုံမျိုးနဲ့ တော်တော် ကွဲပြားခြားနားပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အတူတူပါပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံတောင်ပိုင်းတွင် လူပေါင်း ၁၂၀၀ ခန့်သေဆုံးခဲ့ကာ ဒါဇင်နှင့်ချီသည့် အစ္စရေးနိုင်ငံသားများ ခြေလက်အင်္ဂါများ ဆုံးရှုံးခဲ့ကြသည်။

ရာမတ်ဂန်မြို့ရှိ ရှီဘာဆေးခန်းတစ်ခုတည်းမှာပင် ခြေလက်အင်္ဂါဆုံးရှုံးသူ ၆၀ ခန့်ကို ကုသပေးခဲ့ရသည်ဟု ဆိုသည်။

အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဂါဇာ၌ မြေပြင်ထိုးစစ်စတင်ခဲ့ပြီးကတည်းက အစ္စရေးစစ်သား ၁၅၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရသည့် စစ်သားအရေအတွက်ကို အသေးစိတ်ဖော်ပြ ခဲ့ခြင်းမရှိသော်လည်း စစ်သား ၃၂၀ ခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

အစ္စရေးအားကစားသမားများနှင့် ခြေလက်အင်္ဂါများ ဆုံးရှုံးခဲ့ရသူများသည် စစ်ပွဲများနှင့် ပဋိ့ပက္ခများကြောင့် ဒဏ်ရာရရှိခဲ့သည့်လူငယ်များကို ဆယ်စုနှစ်များစွာကြာ ကုသပေးလာခဲ့သည့် အစ္စရေး၏ ကမ္ဘာ့အဆင့်မီ  ဆေးဝါးကုသမှုအတွေ့ အကြံများကြောင့် ကောင်းကျိုးများ ရရှိခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ စနိုက်ပါတစ်ဦး၏ ပစ်ခတ်မှုကြောင့် ညာဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည့် အစ္စရေး စစ်တပ်၏ တပ်ခွဲမှူးတစ်ဦးဖြစ်သူ ရှာကက်ဘစ်တန်ကလည်း သူ့ဘဝအဆုံးသတ်ပြီဟု တွေးထင် ခဲ့မိသော်လည်း သူနှင့်ဘဝတူ စစ်သားများသည် ပုံမှန်လူများကဲ့သို့ ဘဝသစ်ကို ပြန်လည် စတင်နေသည်ကို မြင်တွေ့ခဲ့ရပြီးနောက် အားတက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ခြေလက်အင်္ဂါချို့တဲ့သူများ ဘောလုံးအသင်းများတွင် တစ်သင်းလျင် ဒူးအောက်ပိုင်း ခြေထောက် တစ်ဖက် ဆုံးရှုံးထားသည့်ကစားသမား ခြောက်ဦးစီပါဝင်ပြီး ခြေတုများမပါဘဲ ဂျိုင်းထောက်များဖြင့် ကစားရမည်ဖြစ်ကာ ဂိုးသမားသည် လက်တစ်ဖက်ဆုံးရှုံးသူဖြစ်သည်။

                             Ref:AP

Most Read

Most Recent