ဆိုမာလီယာကမ်းလွန်ရေပြင်တွင် ပင်လယ်ဓားပြများက ဘင်္ဂလားဒေ့ရှ်သင်္ဘောတစ်စင်းနှင့် သင်္ဘောအမှုထမ်း ၂၃ ဦးကို ပြန်ပေးဆွဲဖမ်းဆီး

ဆိုမာလီယာကမ်းလွန်ရေပြင်တွင် ပင်လယ်ဓားပြများက ဘင်္ဂလားဒေ့ရှ်သင်္ဘောတစ်စင်းနှင့် သင်္ဘောအမှုထမ်း ၂၃ ဦးကို ပြန်ပေးဆွဲဖမ်းဆီး
ဆိုမာလီယာကမ်းလွန် အေဒင်ပင်လယ်ကွေ့တွင် ကင်းလှည့်နေသည့် ဆိုမာလီပင်လယ်ရေကြောင်း ရဲတပ်ဖွဲ့ကို တွေ့ရစဉ်(Photo:AP)
ဆိုမာလီယာကမ်းလွန် အေဒင်ပင်လယ်ကွေ့တွင် ကင်းလှည့်နေသည့် ဆိုမာလီပင်လယ်ရေကြောင်း ရဲတပ်ဖွဲ့ကို တွေ့ရစဉ်(Photo:AP)
Published 14 March 2024

ဆိုမာလီယာနိုင်ငံ ကမ်းလွန်ရေပြင်တွင် ပင်လယ်ဓားပြများက ဘင်္ဂလားဒေ့ရှ်အလံတင် Bulk carrier သင်္ဘောတစ်စင်းနှင့် သင်္ဘောအမှုထမ်း ၂၃ ဦးကို ပြန်ပေးဆွဲဖမ်းဆီးထားကြောင်း သင်္ဘောပိုင်ရှင်များက မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

MV Abdullah အမည်ရှိ အဆိုပါ သင်္ဘောသည် ကျောက်မီးသွေး တန်ချိန် ၅၅၀၀၀ ကိုတင်ဆောင်ထားပြီး မိုဇမ်ဘစ်နိုင်ငံ မာပူတိုမြို့တော်မှ ယူအေအီးနိုင်ငံသို့ မောင်းနှင်နေချိန်တွင် မတ် ၁၂ ရက် မွန်းတည့်ချိန်က ပင်လယ်ဓားပြများ၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု သင်္ဘောကုမ္ပဏီက ပြောသည်။

“ဆိုမာလီပင်လယ်ဓားပြ ၁၅ ယောက်ကနေ အယောက် ၂၀ ကြား ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့က သင်္ဘောကို ပြန်ပေးဆွဲခဲ့ပါတယ်”ဟု သင်္ဘောကို ပိုင်ဆိုင်သည့် Kabir Steel Re-Rolling Mills ကုမ္ပဏီ၏ စီအီးအို မီဟာရူလ် ကာရင်မ်က ပြောကြားခဲ့သည်။

ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် သင်္ဘောအမှုထမ်းများထဲမှ တစ်ဦးထံမှ အသံမက်ဆေ့ချ်ကို ကုမ္ပဏီက ထုတ်ပြန်ခဲ့ပြီး ထိုအသံမက်ဆေ့ချ်ထဲတွင် သေနတ်သမားများသည် စပိဘုတ်နှစ်စင်းဖြင့် သင်္ဘောအနီးသို့ ချဉ်းကပ်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားထားသည်။

သင်္ဘောအမှုထမ်းများသည် ထိခိုက်မှုမရှိဘဲ နောက်ထပ်ဆက်သွယ်လာမည့် မက်ဆေ့ချ်နှင့် ဖုန်းခေါ်ဆိုမှုကို စောင့်ဆိုင်းနေကြောင်း ကာရင်က ပြောကြားခဲ့သည်။

ပြန်ပေးဆွဲတိုက်ခိုက်မှုဖြစ်စဉ်သည် ဆိုမာလီယာကမ်းလွန် ရေမိုင် ၅၅၀ (ကီလိုမီတာ ၁၀၀၀) အကွာခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သင်္ဘောကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ မီဇာနူလ် အစ္စလာမ်က ပြောကြားခဲ့သည်။

ဆိုမာလီယာပင်လယ်ကမ်းလွန်တွင် ဒီဇင်ဘာလကတည်းက ပြန်ပေးဆွဲတိုက်ခိုက်မှုများ မြင့်တက်နေပြီး ပင်လယ်ဓားပြများသည် ယီမင်နိုင်ငံ၏ ဟူရ်သီသူပုန်များ၏ တိုက်ခိုက်မှုများကြောင့် ပင်လယ်ရေကြောင်း သွားလာမှုများ အနှောင့်အယှက်ဖြစ်နေသည့် အခြေအနေကို အခွင့်ကောင်းယူပြီး အိန္ဒိယသမုဒ္ဒရာတွင် ပြန်ပေးဆွဲမှုများ ပြန်လည်လုပ်ဆောင်လာမည့် အရေးကို စိုးရိမ်မှုများမြင့် တက်စေခဲ့သည်။

ယီမင်နိုင်ငံရှိ အီရန်၏ ကျောထောက် နောက်ခံရရှိထားသည့် ဟူရ်သီအဖွဲ့သည် ဂါ ဇာတွင် အစ္စရေးနှင့် စစ်ပွဲဖြစ်ပွားနေသည့် ဟားမာ့စ်အဖွဲ့နှင့် ထောက်ခံကြောင်းပြသသည့်အနေဖြင့် ပင်လယ်နီနှင့် အေဒင်ပင် လယ်ကွေ့တို့တွင် အစ္စရေးနှင့် ဆက်နွှယ်သည့် သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် နိုင်ငံတကာ ရေတပ်များသည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ကို အာရုံစိုက်လာခဲ့သဖြင့် ပင်လယ်ဓားပြများသည် လုံခြုံရေးကွာဟချက်ကို အမြတ်ထုတ်လာဖွယ်ရှိသည့် စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့ သည်။

၂၀၁၇ ခုနှစ်နောက်ပိုင်း ဆိုမာလီပင်လယ်ဓားပြများ၏ အောင်မြင်စွာ ပြန်ပေးဆွဲနိုင်ခဲ့သည့် ပထမဆုံးဖြစ်စဉ်မှာ ဒီဇင်ဘာလထဲတွင် ဖြစ်ပွားခဲ့သည်။

အိန္ဒိယနှင့် သီရိလင်္ကာအပါအဝင် နိုင်ငံတကာ ရေတပ်များသည် ထိုအချိန်ကတည်းက ပင်လယ်ဓားပြများ၏ တိုက်ခိုက်ရန်ကြိုးပမ်းမှုများအန္တရာယ်မှ ငါးဖမ်းသင်္ဘောများကို ကာကွယ်ပေးခဲ့သည်။ ဆိုမီလီကမ်းလွန်တွင် ၂၀၁၁ ခုနှစ်က ပင်လယ်ဓားပြမှုများအများဆုံး ဖြစ်ပွားခဲ့သည်။                        Ref:AFP

Most Read

Most Recent