စားနပ်ရိက္ခာအကူအညီများရယူရန် စောင့်နေသော ဂါဇာဒေသခံများကို အစ္စရေးတပ်ဖွဲ့များက ပစ်ခတ်သောကြောင့် လူ ၂၀ သေဆုံးဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

စားနပ်ရိက္ခာအကူအညီများရယူရန် စောင့်နေသော ဂါဇာဒေသခံများကို အစ္စရေးတပ်ဖွဲ့များက ပစ်ခတ်သောကြောင့် လူ ၂၀ သေဆုံးဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
ပါလက်စတိုင်းဒုက္ခသည်စခန်းက ကလေးတစ်ဦး စားသောက်နေပုံကို မတ် ၁၄ ရက်က တွေ့ရစဉ် (Photo-AFP)
ပါလက်စတိုင်းဒုက္ခသည်စခန်းက ကလေးတစ်ဦး စားသောက်နေပုံကို မတ် ၁၄ ရက်က တွေ့ရစဉ် (Photo-AFP)
Published 15 March 2024
Ref:AFP

အဝိုင်းခံထားရသော ဂါဇာကမ်းမြောင်တွင် အသည်းအသန်လိုအပ်နေသော ရိက္ခာအကူအညီများကို လက်ခံရယူရန် စောင့်ဆိုင်းနေသူများကို အစ္စရေးက ပစ်ခတ်သောကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ၁၅၅ ဦး ဒဏ်ရာရသွားခဲ့သည်ဟု ဂါဇာ၏ ဟားမာ့စ်ကွပ်ကဲနေသော ကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၅ ရက် စောစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်ဆိုသော်လည်း အစ္စရေးဘက်ကမူ အဆိုပါသတင်းများသည် မှားယွင်းနေသည်ဟု ပြောကြားခဲ့သည်။

ဆိုးဆိုးရွားရွား ပျက်စီးနေသော ဂါဇာကမ်းမြောင်သို့ နောက်ထပ်အကူအညီများ ရောက်ရှိရေးအတွက် မတ် ၁၄ ရက်တွင် ကြိုး ပမ်းဆောင်ရွက်မှုများ တိုးလာနေသည်ဟု သိရသည်။

ပါလက်စတိုင်းသားများသည် မြောက်ပိုင်းရှိ ဂါဇာစီးတီး၏ လမ်းဆုံကို ရောက်ရှိနေကြချိန်တွင် အစ္စရေးတပ်ဖွဲ့များက ၎င်းတို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အစောပိုင်းတွင် သေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရသူ ၁၀၀ ရှိသည်ဟု ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ပြင်ဆင်ထုတ်ပြန်ရာ၌ သေဆုံးသူ ၂၀ နှင့် ဒဏ်ရာရသူ ၁၅၅ ဦးရှိသည်ဟု ဆိုသည်။

“စားနပ်ရိက္ခာတင်တဲ့ယာဉ်ကို လမ်းဆုံမှာ စောင့်နေကြတဲ့လူတွေကို ကျူးကျော်တပ်ဖွဲ့တွေက တည့်တည့်ပစ်တာဖြစ်ပါတယ်” ဟု ဂါဇာမြောက်ပိုင်းရှိ ဆေးရုံတစ်ရုံ၏ အရေးပေါ်ဌာနဒါရိုက်တာ မိုဟာမက်ဂူရပ်က အေအက်ဖ်ပီကို ပြောသည်။

အခင်းဖြစ်ရာနေရာကို ရောက်နေသော အေအက်ဖ်ပီသတင်းထောက်က အလောင်းများနှင့် ကျည်ဆန် ထိမှန်ထားသူများကို မြင်ခဲ့ရသည်ဟု ဆိုသည်။

ရိက္ခာအကူအညီ စောင့်နေသော ဂါဇာလူအုပ်ကို အစ္စရေးတပ်ဖွဲ့များက ပစ်ခတ်သည်ဆိုခြင်းကို အစ္စရေးစစ်တပ်က ပယ်ချခဲ့သည်။

“အစ္စရေးတပ်ဖွဲ့တွေက အကူအညီ ဖြန့်ချိပေးတဲ့နေရာကို ရောက်နေတဲ့ ဂါဇာသားတွေကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ မှားနေပါတယ်” ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ချက်အတိုကို ထုတ်ပြန်ခဲ့ပြီး ယင်းဖြစ်ရပ်ကို အလေးထားဆန်းစစ်နေသည်ဟု ဖြည့်စွက်ဖော်ပြခဲ့သည်။

ကုလသမဂ္ဂအေဂျင်စီများက ဂါဇာ၌ အငတ်ဘေးဆိုက်တော့မည်ဟု သတိပေးထားသည်။ ထို့ကြောင့် လူသားချင်းစာနာမှု အကူအညီများကို ပေးနေသော အန်ဂျီအိုအဖွဲ့များသည် ရေလမ်းမှတစ်ဆင့် စားနပ်ရိက္ခာအကူအညီများ ပေးလျက်ရှိသည်။ ဂျော်ဒန်၊ အစ္စရေး၊ အီဂျစ်တို့ကို ဖြတ်သန်း၍ ကုန်းလမ်းမှတစ်ဆင့် ရိက္ခာအကူအညီပေးပို့ခြင်းသည် အကန့်အသတ်များရှိနေသောကြောင့် လေယာဉ်များပေါ်မှ ရိက္ခာချပေးခြင်း၊ ရေကြောင်းမှတစ်ဆင့် ပေးပို့ခြင်းတို့ကို ပိုမိုလုပ်ဆောင်လာခဲ့သည်။

ယခုအခါရိက္ခာများတင်လာသော သင်္ဘောများသည် ရေကြောင်းမှတစ်ဆင့် ဂါဇာကမ်းမြောင်ကို ရောက်လာကြပြီဖြစ်သည်။

ဆိုက်ပရပ်၏ လာနာကာဆိပ်ကမ်းတွင် အန်ဂျီအိုအဖွဲ့များက ရိက္ခာများတင်ဆောင်လျက်ရှိပြီး ဂါဇာကို ပို့ဆောင်ပေးရန် ပြင်ဆင်လျက်ရှိသည်။

Open Arms အန်ဂျီအိုအဖွဲ့၏သင်္ဘောသည် ဂါဇာကို ရောက်ရှိလာပြီဖြစ်ကာ ရိက္ခာများချနေပြီဖြစ်သည်။