ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်က ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသည့်တိုင် ဂါဇာကမ်းမြောင်၌ အစ္စရေးနှင့်ဟားမာ့စ်တို့၏ တိုက်ပွဲများ လျော့ပါးသွားခြင်းမရှိ

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်က ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသည့်တိုင် ဂါဇာကမ်းမြောင်၌ အစ္စရေးနှင့်ဟားမာ့စ်တို့၏ တိုက်ပွဲများ လျော့ပါးသွားခြင်းမရှိ
အလံဖြူကိုင်ထားသည့်မိန်ကလေးနှင့် စစ်ဘေးရှောင် ပါလက်စတိုင်းမိသားစုကို ဂါဇာ၌ မတ် ၂၅ ရက်က တွေ့ရစဉ်(Photo: AFP)
အလံဖြူကိုင်ထားသည့်မိန်ကလေးနှင့် စစ်ဘေးရှောင် ပါလက်စတိုင်းမိသားစုကို ဂါဇာ၌ မတ် ၂၅ ရက်က တွေ့ရစဉ်(Photo: AFP)
Published 26 March 2024

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်က ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသည့်တိုင် မတ် ၂၆ ရက်တွင် ဂါဇာ၌ အစ္စရေးတပ်ဖွဲ့များနှင့် ဟားမာ့စ် စစ်သွေးကြွတို့ဖြစ်ပွားနေသော တိုက်ပွဲများသည်  လျော့ပါးသွားသည့် လက္ခဏာကို မတွေ့ရပေ။

အစ္စရေး၏အရင်းနှီးဆုံးမဟာမိတ် အမေရိကန်က မဲမပေးဘဲနေခဲ့ခြင်းနှင့်အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို မတ် ၂၅ ရက်တွင် အတည်ပြုခဲ့သည်။

မွတ်စလင်ဘာသာရေးလဖြစ်သော ရာမာဒန်ကာလတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို အဆိုပါဆုံးဖြတ်ချက်ကတောင်းဆိုထားပြီး ချက်ချင်း အပစ်အခတ်ရပ်စဲရေးမှသည် အမြဲတမ်း အပစ်အခတ်ရပ်စဲရေးကို ဦးတည်စေမည်ဟု လုံခြုံရေးကောင်စီဆုံးဖြတ်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကို လျှပ်တပြက်ထိုးစစ်ဆင်တိုက်ခိုက်ချိန်အတွင်း ဖမ်းဆီးခဲ့သောဓားစာခံများကို ဟားမာ့စ်အဖွဲ့ကလည်းကောင်း၊ အခြားသောစစ်သွေးကြွများကလည်းကောင်း လွှတ်ပေးရန်လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်တွင် တောင်းဆိုထားသည်ဆိုသော်လည်း ယင်းသို့ဓားစာခံများ ပြန်လွှတ်ပေးရေးကိစ္စသည် အပစ်အခတ်ရပ်စဲရေးနှင့် တိုက်ခိုက်ဆက်စပ်နေခြင်းမရှိပေ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယင်းဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် ဆော်သြမှုများကို ဦးဆောင်ခဲ့ သည်။

“အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာဟာ ခွင့်လွှတ်လို့မရနိုင်ပါဘူး”ဟု ဂူတာရက်စ်က လူမှုမီဒီယာ X တွင် ရေးသားခဲ့သည်။

အမေရိကန်က မဲမပေးဘဲကြားနေခဲ့ခြင်းကို အစ္စရေးက ဒေါတကြီးတုံ့ပြန်ခဲ့သည်။  ထို့ကြောင့်အခြားသော လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၄ နိုင်ငံက ထောက်ခံမဲပေးခဲ့ခြင်းဖြင့် ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသော ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဂါဇာတွင် အစ္စရေးနှင့်ဟားမာ့စ်တို့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ပွဲတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသည့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ယခုအတည်ပြုနိုင်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။

ယခင်က ဗီတိုအာဏာဖြင့်လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ပယ်ချခဲ့သောအမေရိကန်သည် လွန်ခဲ့သော သီတင်းပတ်များတွင် အစ္စရေးကို လေသံမာမာဖြင့် ပြောဆိုမှု များရှိလာသည့်တိုင် ယခုကဲ့သို့ မဲမပေးဘဲ နေခြင်းက အစ္စရေးအပေါ်ထားသည့် အမေရိကန်၏မူဝါဒကို ပြောင်းလဲစေမည်မဟုတ်ဟု ဆိုသည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် အစ္စရေးတွင် လူ ၁,၁၆၀ သေဆုံးခဲ့ပြီး လူ ၂၅၀ ခန့်သည် ဓားစာခံများအဖြစ် ဖမ်းဆီးခံခဲ့ရသည်။

ဂါဇာတွင် ဓားစာခံ ၁၃၀ ခန့် ထိန်းသိမ်း ခံထားရဆဲဖြစ်သည်ဟု အစ္စရေးက ယုံကြည် ထားပြီး ဓားစာခံ ၃၃ ဦး သေဆုံးသွားပြီဟု ယူဆထားသည်။ ဂါဇာကမ်းမြောင်တွင်လည်း အစ္စရေးထိုးစစ်ကြောင့် ပါလက်စတိုင်း ၃၂,၃၃၃ ဦးသေဆုံးခဲ့သည်။

Ref: AFP

 

Most Read

Most Recent