တရုတ်၏ အထင်ကရ နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီဖြစ်ပြီး နိုင်ငံ့စီးပွားရေးကို မြှင့်တင်မည်ဟု တရုတ်ခေါင်းဆောင်များ ကတိပြု

တရုတ်၏ အထင်ကရ နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီဖြစ်ပြီး နိုင်ငံ့စီးပွားရေးကို မြှင့်တင်မည်ဟု တရုတ်ခေါင်းဆောင်များ ကတိပြု
မတ် ၁၁ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် ပြုလုပ်သည့် ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အပိတ်အစည်းအဝေး မစတင်မီ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက စစ်ဆေးမှုပြုလုပ်နေစဉ်(Photo: AFP)
မတ် ၁၁ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် ပြုလုပ်သည့် ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အပိတ်အစည်းအဝေး မစတင်မီ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက စစ်ဆေးမှုပြုလုပ်နေစဉ်(Photo: AFP)
Published 11 March 2024

သီတင်းတစ်ပတ်ကြာ ပြုလုပ်ခဲ့သည့် တရုတ်ခေါင်းဆောင်များ၏ အထင်ကရနိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲသည် မတ်လ ၁၁ ရက်က ပြီးဆုံးခဲ့ပြီဖြစ်ကာ အရှိန်အဟုန်နှေးကွေးနေသည့် နိုင်ငံ့စီးပွားရေးကို အားသစ်ပြန် လောင်းရန်လိုအပ်ကြောင်း ၎င်းတို့က ဝန်ခံပြောကြားခဲ့သည်။

ထိခိုက်ကျဆင်းနေသည့် အိမ်ခြံမြေစျေးကွက်၊ ပြည်တွင်းဝယ်လိုအား လျော့ကျခြင်းနှင့်လူငယ်များ အလုပ်လက်မဲ့ဖြစ်ပွားမှု စံချိန်တင်မြင့်တက်လာခြင်းတို့သည် တရုတ်၏စီးပွားရေးကို အကြီးအကျယ် သက်ရောက်မှုဖြစ်စေခဲ့သည်။

တရုတ်သည် စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်နေရသည်ဟု ထိပ်တန်းတာဝန်ရှိသူများက ဘွင်းဘွင်းရှင်းရှင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး စီးပွားရေးတိုးတက်မှု ငါးရာခိုင်နှုန်းရရှိရေး လျာထားချက်အားပြည့်မီရန်မလွယ်ကူ ကြောင်းနှင့် မမြင်နိုင်သည့်အန္တရာယ်များက  စီးပွားရေးကို ဆွဲချနေကြောင်း ၎င်းတို့က ဝန်ခံခဲ့သည်။

သို့သော် ယင်းပြဿနာများကို ဖြေရှင်းရန်မည်သို့မည်ပုံစီမံထားသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

တရုတ်ခေါင်းဆောင်များသည် ၎င်းတို့၏ အုပ်ချုပ်မှုအပေါ် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရာတွင် အခွင့်အာဏာ ပိုမိုခိုင်မာစေရန်နှင့် မူဝါဒချမှတ်မှုများနှင့် ပတ်သက်၍လျှို့ဝှက်ထားခြင်းကို တင်းကျပ်ရန် တစ်ပြိုင်နက်တည်း လုပ်ဆောင်ခဲ့ပြီး နှစ်စဉ်သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် အစဉ်အလာကိုလည်း ဖျက်သိမ်းခဲ့သည်။ အမျိုးသားလုံခြုံရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကိုထည့်သွင်းကာ ဥပဒေသစ်အများအပြား အတည်ပြုပြဋ္ဌာန်း မည်ဟုလည်း ၎င်းတို့က ကတိပြုခဲ့သည်။

တရုတ်၏ အချုပ်အခြာအာဏာပိုင် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ကာ အမျိုးသားလုံခြုံရေးအတွက် နည်းစနစ်နှင့် လုပ်နိုင်စွမ်းတို့ကို ခေတ်နှင့်အညီ မွမ်းမံရန်အတွက် ဥပဒေသစ်အများအပြား အတည်ပြုပြဋ္ဌာန်းမည်ဖြစ်ကြောင်း တရုတ်ထိပ်တန်းဥပဒေပြုအမတ်များက မတ်လ ၈ ရက်တွင် ကတိပြုခဲ့သည်။

ယင်းသည် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများဟု ယူဆသော ကိစ္စရပ်များအပေါ်အာရုံစိုက်မှု တိုးမြှင့်လာသည့် လက္ခဏာတစ်ရပ်ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြောကြားသည်။

အဖွဲ့ဝင် ၁၇၀ ခန့်ပါဝင်သော အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ(NPCSC)၏ နှစ်ပတ်လည်အစည်းအဝေးကို ပေကျင်းမြို့၌ ကျင်းပခဲ့ပြီး အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဥပဒေနှင့် အဏုမြူစွမ်းအင်ဆိုင်ရာ ဥပဒေအပါအဝင် ဥပဒေပြ ဋ္ဌာန်းမှုများ လုပ်ဆောင်မည်ဟု ကတိပြုထားသည်။

မတ်လ ၁၁ ရက် နံနက်ပိုင်းက တရုတ်ဥပဒေပြုအမတ်များသည် အပိတ်အစည်းအဝေးနှင့် ဒေသစံတော်ချိန် နေ့လယ် ၃ နာရီ တွင်ပြုလုပ်သည့် တရုတ်၏ဥပဒေပြုလွှတ်တော်ဖြစ်သည့် အမျိုးသားပြည်သူ့ကွန်ဂရက် ၌ မဲခွဲဆုံးဖြတ်မှုမတိုင်မီ တံခါးပိတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် နိုင်ငံတော်ကောင်စီဖွဲ့စည်းမှုဆိုင်ရာ ဥပဒေကို ပြန်လည်သုံးသပ်မည့် ဥပဒေနှင့်ပတ်သက်၍လည်း မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။ ယင်းသည် အစိုးရအပေါ် ကွန်မြူနစ်ပါတီ၏ဦးဆောင်မှု ပိုမိုခိုင်မာစေရန်ရည်ရွယ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

Ref: AFP