အစ္စရေးစစ်သားများက ဂါဇာအကြီးဆုံးဆေးရုံ အယ်လ်ရှီဖာတွင် စစ်ဆင်ရေးလုပ်ဆောင်နေသည်ဟု အစ္စရေးစစ်တပ် ထုတ်ပြန်

အစ္စရေးစစ်သားများက ဂါဇာအကြီးဆုံးဆေးရုံ အယ်လ်ရှီဖာတွင် စစ်ဆင်ရေးလုပ်ဆောင်နေသည်ဟု အစ္စရေးစစ်တပ် ထုတ်ပြန်
ဂါဇာကမ်းမြောင်၌ ကြီးမားသော ပေါက်ကွဲမှုများကြောင့် မီးခိုးများထွက်လာပုံကို  မတ် ၁၇ ရက်တွင် အစ္စရေးတောင်ပိုင်းမှ လှမ်းမြင်ရပုံ(Photo: AFP)
ဂါဇာကမ်းမြောင်၌ ကြီးမားသော ပေါက်ကွဲမှုများကြောင့် မီးခိုးများထွက်လာပုံကို  မတ် ၁၇ ရက်တွင် အစ္စရေးတောင်ပိုင်းမှ လှမ်းမြင်ရပုံ(Photo: AFP)
Published 19 March 2024

အစ္စရေးစစ်တပ်သည် မတ် ၁၈ ရက်တွင် ဂါဇာအကြီးဆုံးဆေးရုံဖြစ်သော အယ်လ်ရှီဖာအနီးဝန်းကျင်တွင် စစ်ဆင်ရေးလုပ်ခဲ့သည်ဟု မျက်မြင်တွေ့သူများကပြောကြားခဲ့ပြီး ယင်းဆေရုံတည်ရှိရာရပ်ကွက်တွင် လေ ကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“အစ္စရေး စစ်သားတွေဟာ ရှီဖာဆေးရုံရဲ့အရပ်ဒေသမှာ တိကျတဲ့ စစ်ဆင်ရေးကို လတ်တလော လုပ်ဆောင်နေပါတယ်”ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

“ဟားမာ့စ် အကြီးတန်းတာဝန်ရှိသူတွေက ရှီဖာဆေးရုံကိုအသုံးပြုနေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေကို အခြေခံပြီးဒီစစ်ဆင်ရေးကို လုပ်ဆောင်တာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

တင့်ကားများက ဆေးရုံကို ၀ိုင်းထားသည်ကို မြင်ရကြောင်း ဂါဇာစီးတီးရှိ မျက်မြင်တွေ့သူများက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

စစ်ဘေးရှောင် ပါလက်စတိုင်းပြည်သူ ထောင်ပေါင်းများစွာသည် ယင်းဆေးရုံတွင် ခိုလှုံနေသည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် နိုဝင်ဘာစစ်ဆင်ရေးကို အယ်လ်ရှီဖာဆေးရုံ၌ လုပ်ဆောင်ခဲ့ရာ ယင်းစစ်ဆင်ရေးသည် နိုင်ငံတကာ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရသည်။

ဟားမာ့စ်သည် စစ်ဆင်ရေးများကို ဆေးရုံများနှင့် အခြားသော ဆေးဘက်ဆိုင်ရာစင်တာများမှ လုပ်ဆောင်နေသည်ဟု အစ္စရေးကထပ်တလဲလဲ စွပ်စွဲခဲ့သည်။ ယင်းစွပ်စွဲမှုများကို ဟားမာ့စ်က ပယ်ချထားသည်။

အယ်လ်ရှီဖာဆေးရုံ၌ လုပ်ဆောင်သော စစ်ဆင်ရေးကို ဂါဇာရှိဟားမာ့စ် အစိုးရ မီဒီယာရုံးက ပြစ်တင်ရှုတ်ချခဲ့ပြီး အယ်လ်ရှီဖာဆေးရုံကို တင့်ကားများ၊ ဒရုန်းများ၊ လက်နက်များဖြင့် ဝင်ရောက်စီးနင်းပြီး ဆေးရုံအတွင်းပိုင်း၌ ပစ်ခတ်မှုများသည် စစ်ရာဇဝတ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

သေကျေ ဒဏ်ရာရသူ ဒါဇင်ချီရှိနေသည်ဟု ဆေးရုံအနီးတွင် နေထိုင်သူများ၏ ဖုန်းဆက်ပြောကြားမှုများကို လက်ခံရရှိခဲ့သည်ဟု  ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“သေနတ်ပစ်တာတွေ၊ လက်နက်ကြီးနဲ့ပစ်တာတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတာကြောင့် ဘယ်သူကိုမှ ဆေးရုံတင်လို့မရပါဘူး”ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

အစ္စရေးစစ်တပ်သည် စစ်ပွဲစတင်ကတည်းက ဂါဇာကမ်းမြောင်ရှိ ဆေးရုံများတွင် စစ်ဆင်ရေး အမျိုးမျိုးလုပ်ဆောင်ခဲ့သည်။

ဟားမာ့စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် အရပ်သားအများစုဖြစ်သည့်လူ ၁,၁၆၀ သေဆုံးခဲ့ပြီး လူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရ သည်ဟုအစ္စရေးအစိုးရကထုတ်ပြန်ထားသည်။ပြန်ပေးဆွဲခံရသူများထဲက လူ ၁၃၀ သည် ဂါဇာတွင်ရှိနေဆဲဖြစ်ပြီး ၃၁ ဦး သေဆုံးသွားပြီဟု ယုံကြည်ထားကြောင်းအစ္စရေးအစိုးရက ပြောကြားခဲ့သည်။

ငါးလနီးပါးရှိလာပြီဖြစ်သောအစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေသောဂါဇာကမ်းမြောင်ကို အစ္စရေးကမြေပြင် ထိုးစစ်ဆင်နေခြင်းနှင့်လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေခြင်းတို့ကြောင့် အ နည်းဆုံးလူ ၃၁,၆၄၅ ဦးသေဆုံးထားသည်ဟု နောက်ဆုံးထုတ်ပြန်ချက်တွင် ဟားမာ့စ်အုပ် ချုပ်နေသောဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

“စစ်ဆင်ရေးကို သတိကြီးကြီးထားပြီး ကိုင်တွယ်ဆောင်ရွက်ရန် အရေးကြီးပုံကိုတပ်ဖွဲ့တွေကို ညွှန်ကြားထားပါတယ်။ ဒါ့အပြင် အယ်လ်ရှိဖာဆေးရုံကလူနာတွေ၊ အရပ်သားတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ၊ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာတွေ ထိခိုက်မှုမရှိအောင် အစီအမံတွေချမှတ်လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်”ဟု အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားပြီး ဟားမာ့စ်ကို အမြစ်ဖြုတ်ချေမှုန်းမည်ဟု ဆိုသည်။

Ref: AFP

Most Read

Most Recent