ပူတာအိုမြို့တွင် လောင်စာဆီရှားပါးနေပြီး လယ်ယာလုပ်ငန်းခွင်ကို လူအင်အားဖြင့် လုပ်ဆောင်နေရ

ပူတာအိုမြို့တွင် လောင်စာဆီရှားပါးနေပြီး လယ်ယာလုပ်ငန်းခွင်ကို လူအင်အားဖြင့် လုပ်ဆောင်နေရ
စက်သုံးဆီရှားပါးသဖြင့် လူအားဖြင့် လယ်ယာလုပ်ငန်းခွင် ဝင်နေရသည်ကို တွေ့ရစဉ်   (ဓာတ်ပုံ- Ko Ye Putao)
စက်သုံးဆီရှားပါးသဖြင့် လူအားဖြင့် လယ်ယာလုပ်ငန်းခွင် ဝင်နေရသည်ကို တွေ့ရစဉ်  (ဓာတ်ပုံ- Ko Ye Putao)
Published 7 May 2024

ကချင်ပြည်နယ် ပူတာအိုမြို့တွင် လောင်စာဆီ ရှားပါးနေပြီး လယ်ယာလုပ်ငန်းခွင်ကို လူအင်အားဖြင့် လုပ်ဆောင်နေရကြောင်း ဒေသခံများက ပြောကြားသည်။

လက်ရှိတွင် ပူတာအိုမြို့တွင် ဓာတ်ဆီ တစ်လီတာ ကျပ်ငါးသောင်း၊ လောင်စာဆီ တစ်ပီပါလျှင် ကျပ်သိန်းငါးဆယ်အထိ ပေါက် စျေးရှိနေကြောင်း ဒေသခံများက ပြောကြား သည်။

“ဆက်ပိတ်မလားတော့မသိဘူး။ ဆန်၊ ဓာတ်ဆီတော့ ပြတ်နေပြီ။ ဆန်တော့ ရောင်းသူ မရှိတာပေါ့။ မနက်တုန်းက လယ်သမားတွေ လူလေးငါးယောက်က ထယ်ကို ကြိုးနဲ့ ဆွဲပြီး ပျိုးကြဲဖို့လုပ်နေကြတာ တွေ့ရတယ်။သူ့အကွက်ပြီး ကိုယ့်အကွက်ပေါ့။ နွားတွေကလည်း ဒေသတွင်းက စီးပွားရေးကျပ်တော့ ရောင်းစားကြတာ များကုန်ပြီ” ဟု ပူတာအို ဒေသခံတစ်ဦးက ပြောကြားသည်။

မြစ်ကြီးနား-ပူတာအို လမ်းပိုင်းကို လွန် ခဲ့သည့် မတ် ၉ ရက်မှ စတင်ကာ KIA တပ် မဟာ (၁) က ဆွမ်ပရာဘွမ်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လမ်းပိုင်းအားလုံးကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ယင်းစက်သုံးဆီကိစ္စနှင့် ပတ်သက်၍ ဒေ သခံ တောင်သူလယ်သမားများနှင့် ရပ်မိရပ် ဖများ စုပေါင်းကာ ကချင်ပြည်နယ်အစိုးရထံ တင်ပြခဲ့ပြီး မေ ၁ ရက်မှ စတင်ကာ စက်သုံးဆီ ပီပါ ၁၀၀၀ ကို လေကြောင်းဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်တွင် မြို့နယ် ခြောက်မြို့ နယ်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၉၁၂၅၇ ဦး နေထိုင်ကြောင်း သိရပြီး လယ်စိုက် ဧက ၂၅၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

ပူတာအိုဒေသသည် လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် ခက်ခဲခြင်း၊  လမ်းပန်းဆက်သွယ် ရေးခက်ခဲခြင်း၊ ဖွံ့ဖြိုးမှုအားနည်းခြင်း စသည့် အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် တစ် နှစ်အောက် ကလေးသေနှုန်း အမြင့်ဆုံးခရိုင် တစ်ခုဖြစ်သည်။

ပူတာအိုခရိုင်တွင် ရှမ်း၊ ရဝမ်၊ လီဆူ၊ ဂျိန်းဖော၊ ဗမာစသည့်တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြောင်း သိရသည်။

ထွန်းလင်းအောင် (မြစ်ကြီးနား)

Most Read

Most Recent