မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ဒေသအချို့တွင် သောက်သုံးရေ အခက်အခဲဖြစ်နေ

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ဒေသအချို့တွင် သောက်သုံးရေ အခက်အခဲဖြစ်နေ
Published 1 April 2024

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ဒေသအချို့တွင် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပူပြင်းသည့် ရာသီဥတုကြောင့် ပေါင်မြို့နယ်အတွင်းရှိ အလှပ်၊ ဝဲပတန်၊ ကော့ထော်၊ သပြေကုန်း၊ တပ်မှူးချောင်အစရှိသော ကျေးရွာ ၁၄ ရွာခန့်တွင် သောက်သုံးရေများ အခက်အခဲဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ရာသီဥတုက အရမ်းပူတော့ ရေတွင်းရေကန်တွေက မတ်လတတိယပတ်ထဲကစပြီး ရေတွေခန်းကုန်တယ်။ ဒါကလည်း နှစ်စဉ်ဖြစ်နေကျဆိုပေမဲ့ ရေတွင်းရေကန်တွေခန်းတာ တစ်နှစ်ထက်တစ်နှစ်က ပိုပိုဆိုးလာတယ်” ဟုပြောကြားသည်။

မိုးကျစောပါက ရေတွင်းရေကန်များမှ သောက်သုံးရေများ ပြန်လည်ရရှိနိုင်၍ အဆင်ပြေနိုင်သော်လည်း မိုးနောက်ကျပါက သောက်သုံးရေအခက်အခဲ ပိုမိုကြုံတွေ့ရနိုင်ကြောင်းလည်း အဆိုပါဒေသခံက ပြောကြားသည်။

ထို့အတွက်ကြောင့် ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနက သောက်သုံးရေအခက်အခဲဖြစ်နေသည့်ကျေးရွာများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးနေကြောင်း သိရသည်။

လက်ရှိနွေရာသီကာလအတွင်း ပေါင်မြို့နယ်အပြင် ကျန်မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွင်လည်း သောက်သုံးရေရှားပါးသည့်အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းနှင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့် ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များက သောက်သုံးရေ လိုအပ်ချက်ရှိသည့်နေရာများသို့ ရေများ ဖြန့်ဝေလှူဒါန်း ပေးနေကြောင်း သိရသည်။

Most Read

Most Recent