သင်္ဃန်းညီနောင် ဝန်းကျင်တွင် ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲကြောင့် စစ်ဘေးရှောင် သုံးထောင်ကျော်အထိ ရှိလာပြီး နေထိုင်စားသောက်ရေးခက်ခဲနေ

သင်္ဃန်းညီနောင် ဝန်းကျင်တွင် ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲကြောင့် စစ်ဘေးရှောင် သုံးထောင်ကျော်အထိ ရှိလာပြီး နေထိုင်စားသောက်ရေးခက်ခဲနေ
Published 14 March 2024

ကရင်ပြည်နယ် မြဝတီမြို့နှင့်၁ဝမိုင်ခန့် အကွာ  တပ်စခန်းများတည်ရှိရာ သင်္ဃန်း ညီနောင် ပတ်ဝန်းကျင်တွင် မတ်လ ၇ ရက်မှ စတင် ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲကြောင့် စစ်ရှောင် သုံးထောင်ကျော်ထိ ရှိလာပြီး အ များအပြား နေထိုင်စားသောက်ရေးခက်ခဲ နေဟု ကူညီကယ်ဆယ်ရေးပြုလုပ်နေသူများ ထံမှသိရသည်။

မြဝတီမြို့ ရေပူစမ်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း( တောင်ပေါ်ကျောင်း)နှင့် အောက်ကျောင်းတို့တွင် သင်္ဃန်းညီနောင် ကျေးရွာမှ စစ်ရှောင်လာသူ ၄၀၀ ကျော် ရှိပြီး အခြားသော အမှတ် ၃ ရပ်ကွက်ရှိဓမ္မရန် အောင်ဘုန်းတော်ကြီးကျောင်း၊ ကြံခင်းဓမ္မာရုံ၊ မင်္ဂလာရွာဦးကျောင်း(မဲကနယ်)စိန်ရောင် ခြည်ကျောင်း(မဲကနယ်)စသော ဘုန်းတော် ကြီးကျောင်းများတွင် အကူညီများ လိုအပ် လျက်ရှိပြီး စစ်ဘေးရှောင်များ တိုးပွားနေ သည်ဟုဆိုသည်။

မတ်လ ၈ ရက်နေ့ က အဘိုး နှစ်ဦးသေ ဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့သော သဘာဝ တရား ရိပ်သာ ဆေးရုံမှ ဆေးဝါးကုသနေသည့်  ဘိုးဘွား ၁၇၀ ကျော် ကို  အမှတ် သုံးရပ်ကွက် ရှိ အ.ထ.က (၂ ) အထက်တန်းကျောင်းတွင် နေရာချထားပြီး စောင့်ရှောက်လျက်ရှိသည်။

“အထက (၂) မှာ နာမကျန်းဘိုးဘွား တွေဆိုတော့ အလှူရှင်ကများတယ် ၊ပိုလျှံတဲ့ အတွက် တခြားစစ်ရှောင်နေရာတွေမှာသွား လှူပါသေးတယ်။ လူအရမ်းများတဲ့နေရာ တွေမှာဆိုရင် စားရေးသောက်ရေး၊ နေထိုင် ရေး၊ကျန်းမာရေးကအစ အဆင်မပြေမှုတွေ ရှိပါတယ်” ဟု ကူညီရေးဆောင်ရွက်နေသူ တစ်ဦးက ပြောကြားသည်။

စစ်ရှောင်စခန်းအဖြစ် သက်ဆိုင်ရာက သီးသန့်ဖွင့်လှစ်ထားခြင်းမရှိသော်လည်း နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း၊ ရပ်ကွက် မှ ဆွေမျိုးများနှင့် အိမ်ခန်းငှားပြီးနေထိုင်သူ များလည်းရှိကြောင်း သိရသည်။

မြဝတီကုန်သွယ်ရေးဇုန်အနီးဖား ချောင်း ကျေးရွာမှ မြဝတီမြို့တွင်းသို့  စစ်ရှောင် လာ သူတစ်ဦးက “စစ်ရှောင်တွေရှိနေတဲ့နေရာမှာလူများတော့ အခန်းငှားနေမယ် ဆိုပြီး လိုက်ရှာတာ တစ်မြို့လုံးနှံ့နေပြီ၊ ရှာ မရသေး ဘူး၊ မရှောင်လို့လည်းမဖြစ်ဘူးလေတစ်ရွာလုံးကို ဖယ်ခိုင်းထားတယ် ” ဟု ဆိုသည်။

စစ်ဘေးရှောင်များအား ကူညီရေး ဆောင် ရွက်နေသူတစ်ဦးကလည်း မြဝတီမြို့ ပေါ် ရပ်ကွက်များတွင်  စစ်ရှောင်လာသူ  ၃၀၀၀ ဝန်းကျင်ရှိပြီဟု ခန့်မှန်းရကြောင်း၊ မြဝတီမြို့ ပရဟိတများ လူမှုအသင်းများ စေ တနာရှင် ပြည်သူများ ထောက်ပံ့ ကူညီမှုများ သာ ရှိကြောင်း၊အခြားမည်သည့် အကူညီမှ ရရှိခြင်းမရှိကြောင်းနှင့် အဆိုပါစစ်ရှောင် ဒုက္ခသည်များကို မြဝတီမြို့တွင်ရှိသည့် လူ ကယ်ပြန်စခန်း (ကျောက်လုံးကြီး) တွင် နေရာ ချထားပေးမည်ဆိုပါက သင့်တော်မည်ဟု ထင်ပါကြောင်း ၄င်း၏လူမှုကွန်ရက်တွင် ပြောကြားထားသည်။ ယခုအခါ မြဝတီမြို့ မြောက်ဘက်၊သင်္ဃန်းညီနောင်၊ ဝှေ့ရှမ်း၊ မဲ့ ပလေ့၊ မြဝတီတောင်ဘက် ဖလူး၊လက်ကတ် တောင် စသည့် ဒေသများတွင် နှစ်ဖက်တိုက် ပွဲများဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

Most Read

Most Recent