မန္တလေးမဟာမုနိဘုရား (၇၄) ကြိမ်မြောက် ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းပြီးစီးပြီဖြစ်ကာ ရွှေစင်နှစ်ပိဿာကျော်ရရှိခဲ့ကြာင်း သိရ

မန္တလေးမဟာမုနိဘုရား (၇၄) ကြိမ်မြောက် ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းပြီးစီးပြီဖြစ်ကာ ရွှေစင်နှစ်ပိဿာကျော်ရရှိခဲ့ကြာင်း သိရ
Published 1 April 2024

မန္တလေးမဟာမုနိဘုရားကြီးတွင် (၇၄) ကြိမ်မြောက် ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းကို မတ်လဆန်းပိုင်းက စတင်ပြုလုပ်ခဲ့ရာ မတ် ၂၉ ရက်တွင် လုပ်ငန်းပြီးစီးခဲ့ကြောင်း ဂေါပကအဖွဲ့၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

မဟာမုနိဘုရားကြီးတွင် ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းကို တစ်နှစ်တစ်ကြိမ် ဆောင်ရွက်ခြင်းဖြစ်ပြီး မဟာမုနိဘုရားရုပ်ပွားတော်ကြီးကို ရွှေသင်္ကန်ကပ်လှူပြီး စွန့်ပစ်သည့် ရွှေလှောင်စက္ကူများ၊ ဖိဂွမ်းများ၊ သစ်စေးလုံးများနှင့် ရုပ်ပွားတော်အနီးခင်းသည့် ကော်ဇောများကို စုဆောင်းသိမ်းဆည်းကာ ရွှေပြန်လည်ထုတ်ယူခြင်းဖြစ်ရာ ယခုနှစ်အတွက် ရွှေမိုက်ပစ္စည်းစုဆောင်းချိန် ၁၀ လ ၁၁ တစ်ရက်ရှိခဲ့ကြောင်း သိရသည်။

စုဆောင်းထားသော ရွှေလှောင်စက္ကူအမှိုက်အပါအဝင် မှိုက်ပစ္စည်းများကို မီးရှို့ပြာချခြင်းမှစတင်ကာ သန့်စင်ရွှေသားရသည်အထိ အဆင့်ဆင့်ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ပြီး ယခုနှစ်အတွက် လုပ်ငန်း‌‌ဆောင်ရွက်မှုများကို ရွှေစင်အကယ်ဒမီ ရွှေသန့်စင်ခြင်းနှင့် ရွှေမိုက်ထုတ်လုပ်ငန်းမိသားစုက လုပ်အားဒါနကုသိုလ်ပြု၍ဆောင်ရွက်ပြီး သန့်စင်ရွှေသား နှစ်ပိဿာ ၁၆ ကျပ် သုံးပဲ ၁ ဒသမ ၅ ရွေးရရှိခဲ့ကြောင်း မန္တလေးမဟာမုနိဘုရားဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တစ်နှစ်တစ်ကြိမ်ထုတ်ယူသည့် ရွှေမိုက်ပစ္စည်းများမှ သန့်စင်ရွှေ ပိဿာချီရရှိလေ့ရှိပြီး ၂၀၁၉ ခုနှစ် မဟာမုနိဘုရား (၆၉) ကြိမ်မြောက် ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းမှ သန့်စင်ရွှေသား ခုနစ်ပိဿာ ၅၀ ကျပ်သားနီးပါးရရှိခဲ့သည်။ ထို့အတူ (၆၈) ကြိမ်မြောက် ရွှေမိုက်ထုတ်ယူခြင်းတွင် ပုံမှန်တစ်နှစ်တစ်ခါ စုဆောင်းသိမ်းဆည်းထားသည့် မိုက်ပစ္စည်းများအပြင် အခြားမိုက်ပစ္စည်းနှစ်ခုဖြစ်သည့် ကျောင်းတော်ကြီး ရွှေအသစ်ချရန် ရွှေအဟောင်းများ ပွတ်ထားသည့် ရွှေမိုက်များနှင့် ထုပိကာမှပျက်စီးယိုယွင်းနေသော ရွှေပြားများ အသစ်လဲလှယ်ခြင်းပြုလုပ်သည့်အခါ ထွက်သည့် မိုက်ပစ္စည်းများ ပါဝင်သောကြောင့် သန့်စင်ရွှေပိဿာချိန် ၁၆ ပိဿာကျော်အထိ ရရှိခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent