ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံးနှင့် လွိုင်လင်မြို့နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် တစ်လကျော်အတွင်း စစ်ဘေးရှောင်ဦးရေ ၉၅၀၀၀ ကျော်ရှိလာ

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံးနှင့် လွိုင်လင်မြို့နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် တစ်လကျော်အတွင်း စစ်ဘေးရှောင်ဦးရေ ၉၅၀၀၀ ကျော်ရှိလာ
Published 5 March 2024

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံးနှင့် လွိုင်လင်မြို့နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် တစ်လကျော်အတွင်း စစ်ဘေးရှောင်ဦးရေ ၉၅၀၀၀ ကျော် ရှိလာကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO) က မတ် ၄ ရက်တွင် သတင်းထုတ်ပြန်သည်။ 

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှ မတ် ၂ ရက်အထိ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားသည့်အခြေအနေများကို စစ်တမ်းကောက်ယူပြီး ပအိုဝ်းလူငယ် အစည်းအရုံး(PYO) က ထုတ်ပြန်ရာတွင် အထက်ပါအချက်ကို ထည့်သွင်းဖော်ပြထားခြင်းလည်း ဖြစ်သည်။ 

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၆၃၁၇၉ ဦး၊ ဟိုပုံးမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၀၆၇၇ ဦးနှင့် လွိုင်လင်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၂၀၈၆ ဦး ရှိကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဘေးရှောင်ဦးရေ ၉၅၀၀၀ ကျော်ရှိသည့်အနက် လူဦးရေ ၂၀၀၀၀ ကျော်မှာ ၂၀၂၂-၂၀၂၃ ခုနှစ်ကတည်းက ကယားပြည်နယ်မှ ရှမ်းပြည်နယ် တောင်ပိုင်းသို့ စစ်ရှောင်လာသူများဖြစ်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO) က ဆိုသည်။

ရှမ်းပြည်တောင်ပိုင်းတွင် တပ်မတော်၊ ပအိုဝ်းပြည်သူ့စစ်(PNA) ပူးပေါင်းတပ်နှင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ်တပ်တို့အကြား လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သား ၄၇ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အရပ်သားများ ထိခိုက်သေဆုံးဒဏ်ရာရသည့် အကြောင်းရင်းများထဲတွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းနှင့် ဗုံးကြဲမှုများ ပါဝင်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO) က ဆိုသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း လက်နက်ကိုင်ပဋိပက္ခအတွင်း လေကြောင်းတိုက်ခိုက်မှု ၃၇၁ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၁၁၃၅ ကြိမ်၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှု ၁၇၅ လုံးရှိကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆောက်အအုံ ထိခိုက်ပျက်စီးမှု၏ ၉၀ ရာခိုင်နှုန်းသည် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းနှင့် ဗုံးကြဲမှုများကြောင်းဖြစ်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO) က ပြောကြားသည်။ 

ပအိုဝ်းလူငယ် အစည်းအရုံး(PYO) အနေဖြင့် လက်လှမ်းမှီရရှိသည့် မြေပြင်သတင်းအချက်အလက်များနှင့် အွန်လိုင်းသတင်းအချက်အလက်များအပေါ်တွင် အခြေခံ၍ ထုတ်ပြန်ခြင်းဖြစ်ပြီး မြေပြင်တွင် ယင်းကိန်းဂဏန်းများထက် ပိုမိုများပြားနိုင်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO) က ဆိုသည်။ 

ဆီဆိုင်မြို့နယ်တွင် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေသောကြောင့် ဒေသခံများအနေဖြင့် မြို့အတွင်းသို့ ဝင်ရောက်ခြင်း၊ နေအိမ်ပြန်ကြည့်ခြင်းများ မပြုလုပ်ရန်နှင့် လက်နက်ကိုင်ပဋိပက္ခများနှင့် ကင်းဝေးသည့် နေရာများတွင် ယာယီခိုလှုံနေထိုင်ကြရန် PNLA ဘက်က ထုတ်ပြန်ထားသည်။ 

Most Read

Most Recent