လယ်/ဆည် ဝန်ကြီးဟောင်း ဦးမြင့်လှိုင် ဖမ်းဆီး ထိန်းသိမ်းခံရဟုဆို

လယ်/ဆည် ဝန်ကြီးဟောင်း ဦးမြင့်လှိုင် ဖမ်းဆီး ထိန်းသိမ်းခံရဟုဆို
Published 10 April 2024

သမ္မတ(ငြိမ်း) ဦးသိန်းစိန် အစိုးရလက်ထက်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးမြင့်လှိုင် မှာ ဖမ်းဆီးထိန်းသိမ်းခံရကြောင်း စုံစမ်းသိရှိရသည်။

ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးမြင့်လှိုင်ကို နေပြည်တော်ရှိ ၎င်း၏နေအိမ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခဲ့သည့် အကြောင်းအရင်းမှာ ကျားဖြန့်ကိစ္စနှင့် ဆက်စပ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

" မနေ့က (ဧပြီ ၉ ရက်)  ညနေ ၅ နာရီလောက် ထိန်းသိမ်းခံလိုက်ရတာလို့ ကြားတယ်။ ပစ္စည်းတွေပါ သိမ်းသွားတယ်။ သူ တိုင်းမှူး လုပ်ပြီးနောက်ပိုင်း အဲဒီက အဖွဲ့တွေနဲ့ဆက်မိပြီး ကျားဖြန်ကိစ္စတွေမှာ ပတ်သက်ခဲ့ပုံရတယ်"ဟု အဆိုပါဖြစ်စဉ်အား သိရှိသူတစ်ဦးက ပြောကြားသည်။

 တပ်မတော်တွင် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးမြင့်လှိုင်သည် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။

သမ္မတ(ငြိမ်း) ဦးသိန်းစိန် လက်ထက် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဓနုဖြူမြို့နယ်၌ တောင်သူများနှင့် တွေ့ဆုံစဉ် လယ်ယာစိုက်ပျိုးရေးစရိတ် ချေးငွေများကို ကျေပြွန်စွာဆပ်ရန်၊ မဆပ်နိုင်ပါက ထမင်းတစ်နပ်လျော့စားရန် ပြောဆိုခဲ့မှုကြောင့် အများပြည်သူအကြား ဝေဖန်စရာ ဖြစ်ပေါ်ခဲ့ဖူးသည်။ 

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးသည့် ဦးမြင့်လှိုင်သည် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေ ဦးဆောင်သည့် နိုင်ငံအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း တပ်မတော်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

Most Read

Most Recent