ပြင်ဦးလွင်တွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရမှု၌ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ပြည်သူ့ဆေးရုံ အရိုးကုသဆောင် ထိမှန်၍ သံဃာတော်နှစ်ပါးပျံလွန်တော်မူပြီး အရပ်သားတစ်ဦးသေဆုံးကာ လူနာ ၁၁ ဦးအပါအဝင် ၁၃ ဦးဒဏ်ရာရရှိ

ပြင်ဦးလွင်တွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရမှု၌ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ပြည်သူ့ဆေးရုံ အရိုးကုသဆောင် ထိမှန်၍ သံဃာတော်နှစ်ပါးပျံလွန်တော်မူပြီး အရပ်သားတစ်ဦးသေဆုံးကာ လူနာ ၁၁ ဦးအပါအဝင် ၁၃ ဦးဒဏ်ရာရရှိ
Published 15 April 2024

ပြင်ဦးလွင်တွင် ဧပြီ ၁၄ ရက် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရမှု၌ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ပြည်သူ့ဆေးရုံ အရိုးကုသဆောင် ထိမှန်၍ သံဃာတော်နှစ်ပါးပျံလွန်တော်မူပြီး အရပ်သားတစ်ဦးသေဆုံးကာ လူနာ ၁၁ ဦးအပါအဝင် ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၁၄ ရက်က ညပိုင်းက ပြင်ဦးလွင်မြို့တွင် ပစ်ခတ်သံများ ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ပြီး ယင်းပစ်ခတ်တိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံးများသည် နေရာငါးနေရာထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး အောင်မြေဇေယျာဘုန်းကြီးကျောင်းအား ထိမှန်မှုတွင် သံဃာတော်နှစ်ပါး ပျံလွန်တော်မူခဲ့ပြီး လူပုဂ္ဂိုလ်တစ်ဦး သေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြင်ဦးလွင်ပြည်သူ့ဆေးရုံ အရိုးကုသဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားလူနာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“ ရှော့တိုက်ဒုံးထိတာက ၁၀ နေရာလောက်ရှိတယ် လို့လည်းပြောတယ်။ အတိအကျ မသိရသေးဘူး။ ဘုန်းကြီးကျောင်းထိတာ သံဃာနှစ်ပါး ပျံလွန်တော်မူတယ်။ ဒဏ်ရာရအချို့ရှိတယ်လို့လည်းသိရတယ်။ ပြည်သူ့ဆေးရုံက အရိုးကုသဆောင်ထိတာမှာ လူတွေပါ ထိခိုက်ဒဏ်ရာရတာရှိတယ်။ ခွဲစိတ်ဆောင်ကတော့ အဆောင်ပဲထိခိုက်တယ်။ လူထိခိုက်တာမရှိဘူးလို့သိရတယ်။ နောက်ဟိုတယ်တစ်ခုရဲ့အနီးနဲ့ စာပန်းအိမ် ဘော်ဒါဆောင်အနီးမှာ ကျရောက်ပေါက်ကွဲတာရှိတယ် ' ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ထို့အတူ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၅) ရှိ အရပ်သားနေအိမ်တစ်လုံးသို့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲပြီး နေအိမ်မီးဖိုချောင် ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် စစ်တက္ကသိုလ်အတွင်း ရှော့တိုက်ဒုံးအချို့ ကျရောက်ပေါက်ကွဲမှုရှိသည်ဟု Exile မီဒီယာများက ဖော်ပြမှုများရှိခဲ့ပြီး ယခုတိုက်ခိုက်ခံရမှုအခြေအနေများနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

Most Read

Most Recent