လုံခြုံရေး အခြေအနေကြောင့် မော်လမြိုင် - ရန်ကုန် ရထား ခရီးစဉ်များအား ပြန်လည် ရပ်နား

လုံခြုံရေး အခြေအနေကြောင့် မော်လမြိုင် - ရန်ကုန် ရထား ခရီးစဉ်များအား ပြန်လည် ရပ်နား
Published 24 March 2024

မတ်လ ၂၄ ရက်တွင် ပြန်လည် ပြေးဆွဲရန် စီစဉ်ထားသည့် မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်များအား လုံခြုံရေးအခြေအနေများကြောင့် ပြန်လည် ရပ်နားထားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာ  တာဝန်ရှိသူများထံမှ သိရသည်။

သထုံမြို့နယ် ဒုံဝန်းဘူတာ နှင့် သိမ်ဆိပ်ဘူတာကြား မိုးကောင်းကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ရထားလမ်းပိုင်းတွင် မတ်လ (၁၈) ရက် နံနက် (၇) နာရီအချိန်ခန့်က ရထားပေါင်းကူးတံတားနှင့် ကျောက်တင်ကုန်ရထားမိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးနောက် မော်လမြိုင် - ရန်ကုန် အစုန်၊ အဆန် ခရီးစဉ်များအား ယာယီရပ်နားထားခဲ့ကြောင်း သိရသည်။

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် ပျက်ဆီးခဲ့သည့် ရထားပေါင်းကူးတံတား၊ ရထားလမ်းပိုင်းအား မတ်လ (၂၃) ရက်တွင် ပြန်လည်ပြင်ဆင်ပြီးခဲ့ပြီးနောက်မတ်လ (၂၄) ရက်မှစတင်ကာ မော်လမြိုင် - ရန်ကုန် အစုန်၊ အဆန် ရထားခရီးစဉ်များပြန်လည်ပြေးဆွဲမည်ဟု ကြေညာထားခဲ့သော်လည်း လုံခြုံရေးအခြေအနေကြောင့် ရထားခရီးစဉ်များအား ပြန်လည် ရပ်နားခဲ့ရကြောင်းမော်လမြိုင်ဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းဆက်လက်ပြီး “ရထားခရီးစဉ်တွေ ပြန်လည်ပြေးဆွဲမယ့်နေ့ကို ကြိုတင်အသိပေးကြေညာပေးသွားပါ့မယ်။ လတ်တလောမှာတော့ ရထားခရီးစဉ်တွေကို ရပ်နားထားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

မတ်လ ၂၃ ရက် နံနက် ၉ နာရီခန့်က မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ (ကျိုက္ကော်) နှင့် ဘီးလင်းမြို့နယ်ကြား မိုးကောင်းကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်တွင် လုံခြုံရေးတပ်ဖွဲ့နှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားကြောင်း နှင့် ထိုအခြေအနေကြောင့် ရန်ကုန် - မော်လမြိုင်ကားလမ်းမှာ တစ်နာရီခန့်အကြာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး၊ နံနက် (၁၀) နာရီအချိန်ခန့်မှသာ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၁၈) ရက်နေ့ နံနက် (၇) နာရီအချိန်ခန့်က မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းဘူတာမှ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကလိကျေးရွာသို့ သွားရောက်မည့် လမ်းခင်းကျောက်များတင်ဆောင်လာသော တွဲဆိုင် (၁၄) တွဲပါ အမှတ် (၆၈၆) ကျောက်တင်ကုန်ရထားမှာ သထုံမြို့နယ် မိုးကောင်းကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ရထားလမ်း၊ ရထားလမ်းမိုင်တိုင်အမှတ် (၁၂၃/၁) နှင့် (၁၂၂/၂၃) ကြား ပေါက်ကူးတံတားအမှတ် (၇၅) အရောက်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းထောင်ဖေါက်ခွဲဖျက်ဆီးခံရမှုကြောင့် လမ်းခင်းကျောက်များတင်ဆောင်လာသော တွဲဆိုင်း (၁၄) တွဲပါ ကုန်တင်ရထားမှာ ကုန်တွဲ (၂) တွဲ လမ်းချော်သွားကာ၊ ကုန်တွဲ (၅) တွဲမှာ တိမ်းမှောက်သွားကြောင်း နှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

ထိုအခြေအနေကြောင့် မော်လမြိုင် - ရန်ကုန် အစုန်၊ အဆန်ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းထားကာ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်ဆီးခဲ့သည့် ရထားပေါင်းကူးတံတား နှင့် ရထားလမ်းပိုင်းတို့အား ပြန်လည်ပြုပြင်မှုများလုပ်ဆောင်နေချိန်တွင်လည်း Drone နှင့် Drop Bomb ချတိုက်ခိုက်ခံရသည့်အတွက်ကြောင့် ရထားပေါင်းကူးတံတားနှင့် ရထားလမ်းပိုင်းပြင်ဆင်ရန် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန် - မော်လမြိုင်ရထားလမ်းပေါ်ရှိ ပေါင်မြို့နယ် သထုံမြို့နယ်၊ ဘီးလင်းမြို့နယ် နှင့် ကျိုက်ထိုမြို့နယ်များတွင်း ရထားလမ်းများမကြာခဏမိုင်းခွဲဖျက်ဆီးခံရလေ့ရှိသည့်အပြင်၊ လူစီးရထားများ၊ ကုန်တင်ရထားတွဲများ မကြာခဏ မိုင်းခွဲခံရလေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဩဂုတ်လ (၂၀) ရက် နံနက်ပိုင်းကလည်း သထုံမြို့နယ် ဒုံဝန်းဘူတာ နှင့် သိမ်ဆိပ်ဘူတာကြား ရထားမိုင်တိုင်အမှတ် (၁၂၃/၂၃) နှင့် (၁၂၃/၂၄) ကြားတွင် ဘီးလင်းဘူတာဘက်မှ သထုံဘူတာဘက်သို့ မောင်းနှင်လာသည့် အမှတ် (၆၁၆) အဆန် ကျောက်တင်ကုန်ရထားတစ်စင်းမှာလည်း မိုင်းဆွဲဖျက်ဆီးခဲ့ရဖူးပြီး၊ ကုန်ရထားထိခိုက်မှုမရှိခဲ့သော်လည်း ရထားလမ်းမှာ (၁) ပေခန့်ပြတ်တောက်ပျက်ဆီးသွားခဲ့သေးကြောင်း သိရသည်။

Most Read

Most Recent