အစ္စရေးသည် ဂါဇာတွင် အစာရေစာ ငတ်မွတ်မှုကို စစ်ပွဲ၏လက်နက်အဖြစ် အသုံးပြုဖွယ်ရှိနေသည်ဟု ကုလသမဂ္ဂ ပြောကြား

အစ္စရေးသည် ဂါဇာတွင် အစာရေစာ ငတ်မွတ်မှုကို စစ်ပွဲ၏လက်နက်အဖြစ် အသုံးပြုဖွယ်ရှိနေသည်ဟု ကုလသမဂ္ဂ ပြောကြား
ဂါဇာတောင်ပိုင်းရှိ ရာဖာဒုက္ခသည် စခန်းတွင် အစားအသောက်များ ရယူရန် စောင့်နေသော ပါလက်စတိုင်းကလေးများကို မတ် ၁၈ ရက်တွင် တွေ့ရစဉ်
ဂါဇာတောင်ပိုင်းရှိ ရာဖာဒုက္ခသည် စခန်းတွင် အစားအသောက်များ ရယူရန် စောင့်နေသော ပါလက်စတိုင်းကလေးများကို မတ် ၁၈ ရက်တွင် တွေ့ရစဉ်
Published 20 March 2024

စစ်ကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဂါဇာကို အစ္စရေးက စစ်ဆင်ရေးလုပ်နေခြင်းနှင့်အတူ ဂါဇာသို့ စားနပ်ရိက္ခာ အကူအညီပေးပို့ခြင်းများကို အစ္စရေး၏ ပြင်းပြင်းထန်ထန် ကန့်သတ်မှုများက အစာရေစာ ငတ်ပြတ်မှုကို စစ်ပွဲ၏လက်နက်အဖြစ် အသုံးပြုသည့် သဘောသက်ရောက်နေနိုင်ပြီး ယင်းသည် စစ်ရာဇဝတ်မှုဖြစ်လာလိမ့်မည်ဟု မတ် ၁၉ ရက်တွင် ကုလသမဂ္ဂကပြောကြားခဲ့သည်။

ဂါဇာ နေရာအနှံ့ငတ်မွတ်ခြင်းနှင့် ကျရောက်လာတော့မည့် အငတ်ဘေးတို့ကို ကုလသမဂ္ဂလူ့အခွင့်အရေး အကြီးအကဲဗောလ်ကာတက်ခ်က ပြစ်တင်ရှုတ်ချခဲ့သည်။

အစ္စရေးက ပြင်းပြင်ထန်ထန်ဝေဖန်ခဲ့သော ထုတ်ပြန်ချက်တွင် တက်ခ်က “ငတ်မွတ်မှု၊ အငတ်ဘေး၊ ဆာလောင်မှုတို့ရဲ့အခြေအနေဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေနဲ့ ကုန်စည်တွေ ဝင်ရောက်မှုကို အစ္စရေးရဲ့တင်းတင်းကျပ်ကျပ် ပိတ်ဆို့မှုတွေရဲ့ ရလဒ်ဖြစ်ပါတယ်”ဟု ဖော်ပြထားသည်။

ယင်းသည် ပြည်သူအများစု စစ်ဘေးရှောင်နေရခြင်းကြောင့်သာမက အရေးပါသည့် အရပ်ဘက်လမ်း၊တံတား၊ အခြေခံ အဆောက်အအုံများ ပျက်စီးမှုနှင့်လည်း ဆက်စပ်နေသည်ဟု ၎င်းက ဖော်ပြခဲ့သည်။

“ဂါဇာထံအကူအညီတွေ ဝင်ရောက်လာတာကို အစ္စရေးရဲ့စဉ်ဆက်မပြတ် ပိတ်ဆို့မှုနဲ့ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေတာတို့ကို ပေါင်းလိုက်တဲ့အခါ ဒါဟာငတ်မွတ်မှုကို စစ်ပွဲရဲ့နည်းလမ်းအဖြစ်အသုံးပြု နေတဲ့ သဘောသက်ရောက်နေနိုင်ပါတယ်။ အဲဒါဟာ စစ်ရာဇဝတ်မှုဖြစ်ပါတယ်”ဟု ဗောလ်ကာတက်ခ်က ဆက်လက် ဖော်ပြထားသည်။

အစာရေစာ ငတ်ပြတ်မှုကို စစ်ပွဲ၏လက်နက်အဖြစ် အသုံးပြုနေခြင်းဟုတ်မဟုတ်ဆိုသည်ကို နောက်ဆုံးပိတ် ဆုံးဖြတ်မှုကို တရားရုံးက ဆုံးဖြတ်လိမ့်မည်ဟု ၎င်း၏ပြောရေးဆိုခွင့်ရှိသူ ဂျရမီလောရင့်က ဂျီနီဗာမြို့တွင်သ တင်းထောက်များကို ပြောကြားခဲ့သည်။

အစောတလျင် ကြားဝင်ခြင်းမရှိပါက မေလတွင် ဂါဇာကမ်းမြောင် မြောက်ပိုင်းသည် အငတ်ဘေးဆိုက်တော့မည်ဟု ခန့်မှန်းထားခြင်းနှင့်အတူ ဂါဇာပြည်သူတစ်ဝက်မှာ ကြီး မားလှသော ငတ်မွတ်မှုကို ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ပြောကြားခဲ့ပြီးနောက် ဗောလ်ဂါတက်ခ်၏ ပြောဆိုမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဘက်ပေါင်းစုံပါဝင်သော စားနပ်ရိက္ခာ ဖူလုံမှုအဆင့်ခွဲခြားမှုအဖွဲ့(IPC) က ကုလသမဂ္ဂ အချက်အလက်များအရ ဂါဇာလူဦးရေ တစ်ဝက်ဖြစ်သည့် ပြည်သူ ၁ ဒသမ ၁ သန်းသည် ဆိုးရွားလွန်းသော အခြေအနေများကို ရင်ဆိုင်နေရသည်ဟု မတ် ၁၈ ရက်တွင် ခန့်မှန်းခဲ့သည်။

ဂါဇာမြောက်ပိုင်းတွင် အခြေအနေသည် ထူးခြားစွာ ဆိုးရွားနေသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့ပြီး ဂါဇာမြောက်ပိုင်းတွင် လူ ၃၀၀,၀၀၀ ခန့်ရှိနေသည်ဟု ဆိုသည်။ ဂါဇာမြောက်ပိုင်း၌ မတ်လလယ်မှ မေလအတွင်း တစ်ချိန်ချိန်တွင် အငတ်ဘေးဆိုက်မည်ဟု ခန့်မှန်းထားကြောင်း IPC က ပြောကြားခဲ့သည်။

အကူအညီများ တိုးပေးခြင်းမရှိပါက ဂါဇာမြောက်ပိုင်းရှိပြည်သူများသည် မေလတွင် အငတ်ဘေးဆိုက်လိမ့်မည်ဟု IPC က သတိပေးခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားသော စစ်ပွဲတွင် အစ္စရေးက ဂါဇာကို မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသည်။ ငါးလကျော်ရှိပြီဖြစ်သော အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဂါဇာကမ်းမြောင်ကို အစ္စရေးက မြေပြင်ထိုးစစ်ဆင်နေခြင်း နှင့် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းတို့ကြောင့် အနည်းဆုံးလူ ၃၁,၈၀၀ သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာ ရေးဝန်ကြီးဌာနကပြောကြားသည်။

နောက်ထပ်အကူအညီများ ရောက်မလာပါက ဂါဇာတွင် တစ်နေ့ကို လူ ၂၀၀ ကျော် ငတ်သေလိမ့်မည်ဟု ကုလသမဂ္ဂတာဝန်ရှိသူက ပြောကြားခဲ့သည်။                    Ref:AFP

Most Read

Most Recent