လူသားချင်းစာနာထောက်ထားမှုအခြေအနေအတွက် ဂါဇာ၏ ရာဖာမြို့ကို တိုက်ခိုက်ခြင်းမပြုရန် WHO က အစ္စရေးကို တောင်းဆို

လူသားချင်းစာနာထောက်ထားမှုအခြေအနေအတွက် ဂါဇာ၏ ရာဖာမြို့ကို တိုက်ခိုက်ခြင်းမပြုရန် WHO က အစ္စရေးကို တောင်းဆို
မတ် ၁၆ ရက်က ရာဖာမြို့တွင် ပရဟိတအဖွဲ့တစ်ဖွဲ့က ထောက်ပံ့ပေးသည့် စားစာရာများကို အိုးများနှင့်ထည့်ပြီး ယူဆောင်လာသည့် ပါလက်စတိုင်းကလေးများကို တွေ့ရစဉ်(Ref:Reuters)
မတ် ၁၆ ရက်က ရာဖာမြို့တွင် ပရဟိတအဖွဲ့တစ်ဖွဲ့က ထောက်ပံ့ပေးသည့် စားစာရာများကို အိုးများနှင့်ထည့်ပြီး ယူဆောင်လာသည့် ပါလက်စတိုင်းကလေးများကို တွေ့ရစဉ်(Ref:Reuters)
Published 17 March 2024

ဂါဇာကမ်းမြောင်ဒေသ၏ ဒေသခံအများစု ခိုလှုံနေထိုင်နေသည့် ရာဖာမြို့ကို လူ သားချင်းစာနာထောက်ထားမှုရှုထောင့်မှ ကြည့်ပြီး တိုက်ခိုက်ခြင်းမပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အစ္စရေးကို မတ် ၁၆ ရက်တွင် မေတ္တာရပ်ခံခဲ့သည်။

အစ္စရေးဟာ ရာဖာမြို့ထဲကို မြေပြင် စစ်ဆင်ရေးနဲ့ ဝင်တိုက်ဖို့ စီစဉ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းစိုးရိမ်မိပါတယ်”ဟု WHO အကြီးအကဲ တီဒရို့စ် အာဒါနွန် ဂေဘရီယေဆုက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

“လူဦးရေထူထပ်သိပ်သည်းတဲ့ အဲဒီလိုနေရာမျိုးမှာ တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားမယ်ဆိုရင် သေကြေဒဏ်ရာရသူူတွေ အများကြီး ပိုများလာပါလိမ့်မယ်။ လူသားချင်း စာနာထောက်ထားသောအားဖြင့် အစ္စရေးအနေ နဲ့ ရာဖာမြို့ကို ဝင်မတိုက်ဘဲ ငြိမ်းချမ်းရေး လမ်းစဉ်ဖော်ဆောင်ဖို့ ကျွန်တော်တို့ မေတ္တာ ရပ်ခံပါတယ်”ဟု ဂေဘရီယေဆုက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် ရွှေ့ပြောင်း ကယ်ဆယ်ရေးအစီအစဉ်ဖြင့် ၎င်းတို့၏ စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်နေခြင်းသည် လက်တွေ့ကျသည့် ဖြေရှင်းချက်တစ်ခုမဟုတ်ကြောင်းလည်း ၎င်းက တိုက်တွန်းခဲ့သည်။

“ရာဖာမှာရှိတဲ့ လူ ၁ ဒသမ ၂ သန်းဟာ ဘယ်နေရာကိုမှ ဘေးကင်းလုံခြုံစွာ မပြောင်းရွှေ့နိုင်ပါဘူး။ ဂါဇာရဲ့ အခြားနေရာတွေမှာ ဘေးကင်းလုံခြုံပြီး အပြည့်အဝ ကုသမှုပေးနိုင်တဲ့ ကျန်းမာရေး  အဆောက်အအုံတွေ မရှိတော့ပါဘူး။ လူတွေအများကြီးဟာ  တောင့်မခံနိုင်တော့တဲ့ အခြေအနေမှာ နေရာရွှေ့ပြောင်းရမယ်ဆိုရင် ဆာလောင်ပြီး ဖျားနာကုန်ကြပါလိမ့်မယ်”ဟု ဂေဘရီယေဆုက ပြောကြားခဲ့သည်။

ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားခွင့် ပြုရမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ရာဖာတွင် အစ္စရေးစစ်တပ်၏ စစ်ရေးအစီအစဉ်များကို အတည်ပြုခဲ့ကြောင်း မတ် ၁၅ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း စစ်ဆင်ရေးစတင်မည့် အ ချိန်နှင့်ပတ်သက်ပြီး အသေးစိတ်အချက် အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

အမေရိကန်နှင့် ကုလသမဂ္ဂတို့ကမူ ရာဖာတွင် စစ်ဆင်ရေးပြုလုပ်မည့် အစ္စရေးစစ်တပ်၏ အစီအစဉ်ကို မကြာခဏ သတိပေးခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဂါဇာကမ်းမြောင်တွင် အသည်းအသန်လိုအပ်နေသော ရိက္ခာအကူအညီများကို လက်ခံရယူရန် စောင့်ဆိုင်းနေသူများကို အစ္စရေးက ပစ်ခတ်သောကြောင့်  လူ ၂၀ သေဆုံးခဲ့ပြီး ၁၅၅ ဦး ဒဏ်ရာရသွားခဲ့သည်ဟု ဂါဇာ၏ ဟားမာ့စ်ကွပ်ကဲနေသော   ကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။

ရိက္ခာအကူအညီ စောင့်နေသော ဂါဇာလူအုပ်ကို အစ္စရေးတပ်ဖွဲ့များက ပစ်ခတ်သည်ဆိုခြင်းကို အစ္စရေးစစ်တပ်က ပယ်ချ ခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နေတန်ယာဟုက ဟားမာ့စ်အဖွဲ့ကို ချေမှုန်းရန်နှင့် စစ်ပွဲကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ပြောကြား ခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် အစ္စရေးတွင် အရပ်သားအများစုအပါအဝင် လူ ၁၁၆၀ ခန့် သေဆုံးခဲ့သည်ဟု အစ္စရေးအစိုးရက ထုတ်ပြန်ခဲ့သည်။

ထို့နောက်အစ္စရေးကလည်း ဂါဇာတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်များကို ပြင်းထန်စွာ ဆင်နွှဲခဲ့သဖြင့် ဂါဇာတွင်အမျိုးသမီးများနှင့် ကလေးအများစုအပါအဝင် လူပေါင်း ၃၁၅၅၃ ဦးသေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။                                   Ref:AFP

Most Read

Most Recent