ထိုင်းနိုင်ငံ၏ ပြည်နယ် ၇၇ ခုအနက် ၅၄ ခုတွင် အဆိပ်သင့် မီးခိုးမြူများ ဖုံးလွှမ်းခဲ့

ထိုင်းနိုင်ငံ၏ ပြည်နယ် ၇၇ ခုအနက် ၅၄ ခုတွင် အဆိပ်သင့် မီးခိုးမြူများ ဖုံးလွှမ်းခဲ့
မတ် ၇ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မီးခိုးမြူများဖုံးလွှမ်းနေပုံကို တွေ့ရစဉ်(Photo:Bangkok Post)
မတ် ၇ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မီးခိုးမြူများဖုံးလွှမ်းနေပုံကို တွေ့ရစဉ်(Photo:Bangkok Post)
Published 7 March 2024

ထိုင်းနိုင်ငံ၏ ပြည်နယ် ၇၇ ခုအနက် ၅၄ ခုတွင် မတ် ၇ ရက် နံနက်အစောပိုင်းက အဆိပ်သင့် မီးခိုးမြူများဖုံးလွှမ်းခဲ့ပြီး ယင်းပြည်နယ်များထဲမှ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ မြောက်ပိုင်းမှ ပြည်နယ် ၂၇ ခုသည် ကျန်းမာရေးကို ဆိုးရွားစာထိခိုက်စေသည့် လေထုညစ်ညမ်းမှု အနီရောင်အဆင့်နှင့် ရင်ဆိုင်နေရသည်။

ထိုင်းနိုင်ငံ၏ မြောက်ဘက်အစွန်းရှိ ချင်းရိုင်ပြည်နယ်တွင် သွေးကြောမျှင်များထဲအထိ ဝင်ရောက်နိုင်သည်အထိ သေးငယ်သည့် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုံအမွှားများဖြစ်သည့် PM 2.5 ညစ်ညမ်းပစ္စည်း ပမာဏသည် အမြင့်ဆုံးဖြစ်သည်ကို ထောက်လှမ်းသိရှိခဲ့ရကြောင်း ပထဝီ-သတင်းအချက်အလက်နှင့် အာကာသဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (Gistda) က မတ် ၇ ရက် နံနက် ၁၁ နာရီတွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဘန်ကောက်မြို့တော်အပါအဝင် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများတွင် မတ် ၈ ရက်မှ မတ် ၁၀ ရက် အထိ နွေရာသီမုန်တိုင်းများနှင့်  လေပြင်းများ တိုက်ခိုက်နိုင်ကြောင်းလည်း မိုးလေဝသဌာန က မတ် ၇ ရက်တွင် သတိပေးထားသည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်းကလည်း လေထုညစ်ညမ်းမှုနှင့်ဆက်နွှယ်သည့် ကျန်းမာရေး ပြဿနာများကြောင့် လူပေါင်း ၁၀ သန်းကျော် ဆေးဝါးကုသမှုခံယူရန် လိုအပ်ခဲ့ကြောင်း အစိုးရ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC)က ယခုသီတင်းပတ် အစောပိုင်းက ပြောကြားခဲ့ပြီး လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် အစီအမံများ ပိုမိုလုပ်ဆောင်ရမည်ဟု တိုက်တွန်းခဲ့သည်။

ထိုင်းနိုင်ငံ၏ မြို့များသည် ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့များထဲတွင် မကြာခဏ ပါဝင်ခဲ့သည်။ အထူးသဖြင့် နှစ်တစ်နှစ်၏ အစောပိုင်းလများတွင် လယ်သမားများက စိုက်ခင်းများကို မီးရှို့ရှင်းလင်းမှုများကြောင့် မီးခိုးများထွက်လာပြီး လေထုညစ်ညမ်းမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်သည့် ရောဂါများကို ခံစားခဲ့ရသည့် လူနာပေါင်း ၁၀ ဒသမ ၅ သန်း ခန့်ရှိခဲ့သည်ဟု NECDC က မတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

NECDC  သည် ထိုင်းနိုင်ငံတွင် ရင်ဆိုင်နေရသည့် လူမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးပြဿနာများ ဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်းအား အကြံပြုခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ် အစပိုင်းကလည်းက လူပေါင်း ၁ ဒသမ ၆ သန်းသည် လေထုညစ်ညမ်းမှုနှင့်ပတ်သက်သည့် ကျန်းမာရေး ပြဿနာများကြောင့် ဆေးဝါးကုသမှုခံယူရန် လိုအပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်လကလည်း ဘန်ကောက်မြို့တော်တွင် အဆိပ်သင့် လေထုညစ်ညမ်းမှု အန္တရာယ်ကို ရှောင်ရှားနိုင်ရန် ဝန်ထမ်းများအား နေအိမ်မှ အလုပ်လုပ်သည့် work from home  စနစ်ဖြင့် အလုပ်လုပ်ကြရန် အာဏာ ပိုင်များက တိုက်တွန်းခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တွင် လေထုညစ်ညမ်းမှုများကြောင့် အာဏာပိုင်များက ဘန်ကောက်မြို့တော်တွင်းရှိ ဝန်ထမ်းများကို work from home  စနစ်ဖြင့် အလုပ်လုပ်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ဆရီသာကလည်း လေထု အရည်အသွေးကို ကောင်းမွန်စေရန် လုပ်ဆောင်မည်ဟု ကတိပြုခဲ့ပြီး ၎င်း၏ အစိုးရအဖွဲ့သည် လေထုသန့်စင်ရေး Clean Air  အက်ဥပဒေကို ဇန်နဝါရီလတွင် အတည်ပြုခဲ့သည်။

မတ် ၅ ရက်ကလည်း ထိုင်း၏ အိမ်နီးချင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် ဆိုးရွားသည့် လေထုညစ်ညမ်းမှုများ ဖြစ်ပွားခဲ့သဖြင့် ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့များစာရင်းတွင် ပါဝင်ခဲ့သည်။

                         Ref:Bangkok Post/AFP

Most Read

Most Recent