လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဝန်ထမ်းများကို ဝင်ခွင့်ပေးရန် အမေရိကန်က မြောက်ကိုရီးယားကို တိုက်တွန်း

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဝန်ထမ်းများကို ဝင်ခွင့်ပေးရန် အမေရိကန်က မြောက်ကိုရီးယားကို တိုက်တွန်း
ဖေဖော်ဝါရီ ၂၈ ရက်က မြောက်ကိုရီးယားနိုင်ငံ တောင်ပြုံဂန်ပြည်နယ် ဆောင်ချွန်မြို့၌ ဒေသန္တရ စက်မှုလုပ်ငန်းသုံးစက်ရုံတစ်ရုံဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို တွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၂၈ ရက်က မြောက်ကိုရီးယားနိုင်ငံ တောင်ပြုံဂန်ပြည်နယ် ဆောင်ချွန်မြို့၌ ဒေသန္တရ စက်မှုလုပ်ငန်းသုံးစက်ရုံတစ်ရုံဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို တွေ့ရစဉ်(Photo:AFP)
Published 6 March 2024

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအပေးရေးဝန်ထမ်းများကို ဝင်ခွင့်ရရှိစေရေးအတွက် ၎င်း၏နယ်စပ်များကို ဖွင့်ပေးရန်နှင့် ကမ္ဘာ့အတင်းကျပ်ဆုံး COVID-19 ကပ်ရောဂါတားမြစ်ကန့်သတ်ချက် အချို့ကို ပြန်လည်ဖြေလျှော့ပေးရန် အမေရိကန်က မြောက်ကိုရီးယားကို မတ် ၅ ရက်တွင် တိုက်တွန်းခဲ့သည်။

ဂျာမနီနှင့် ဗြိတိန်တို့သည် ကပ်ရောဂါ ကာလကတည်းက ပိတ်ထားခဲ့သည့် ပြုံယမ်း မြို့တော်ရှိ ၎င်းတို့၏ သံရုံးများကို လေ့လာရန် စုံစမ်းရေးအဖွဲ့များ စေလွှတ်ခဲ့ပြီး ယင်းသည် သံရုံးများကို ပြန်ဖွင့်ရန် ပထမဆုံး ခြေလှမ်း တစ်ရပ်ဖြစ်သည်။

“ဥရောပကိုယ်စားလှယ်အဖွဲ့တွေဟာ မြောက်ကိုရီးယားနိုင်ငံထဲကို ဝင်ခွင့်ပြန်ရခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲဒီလိုတိုးတက်မှုတွေကို ကျွန်မတို့က ကြိုဆိုပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ မြောက်ကိုရီးယားဆိုင်ရာ  ထိပ်သီးအရာရှိ ဂျန်ပတ်ခ်က ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် Carnegie Endowment for International Peace ၏ ဌာနချုပ်တွင် ပြောကြားခဲ့သည်။

“DPRK အနေနဲ့ နယ်စပ်တွေကို ထပ်မံဖွင့်ပေးဖို့ အထူးသဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ခွင့်ပေးဖို့ကိုလည်း ကျွန်မတို့က တိုက်တွန်းပါတယ်” ဟု ပတ်ခ်က မြောက်ကိုရီး ယား၏ တရားဝင်အမည်ဖြစ်သည့် ဒီမိုကရက်တစ် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ၏ အမည် အတိုကောက်ကို အသုံးပြုပြောကြားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များသည် နိုင်ငံရေးနှင့် ဆက်နွှယ်မှုမရှိဘဲ မြောက်ကိုရီးယားတွင် အလုပ်လုပ်နေသည့် အမှန်တကယ် ကောင်းမွန်သည့် လူများဖြစ်ကြောင်းလည်း ပတ်ခ်က ပြောသည်။

“ကလေးတွေ ကာကွယ်ဆေးထိုးနှံခံရဖို့ စိတ်ချာသေချာစေချင်ပါတယ်။ ဒါဟာ ကျန်းမာရေးစနစ်တွေကို ကောင်းမွန်စေပါတယ်”ဟု ၎င်းကဆိုသည်။

မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့၏ ဆွေးနွေးရန် ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့ပြီး နောက်တင်းမာမှုများ ဆက်လက် မြင့်တက်နေဆဲဖြစ်သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို ကျူးကျော်ရန် ပူးပေါင်းကြံစည်မှုဖြစ်ကြောင်း မြောက်ကိုရီးယားက မတ်လ ၅ ရက်တွင် ပြောကြားခဲ့ပြီး စစ်ရေးအရပြန်လည် ပေးဆပ်ရမည်ဟု သတိပေးခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်က ကွန်ပျူတာဖန်တီးချက်များဖြင့် သဏ္ဌာန်တူ ဖန်တီးထားသည့် ကွပ်ကဲထိန်းချုပ်ရေးဆိုင်ရာ လေ့ကျင့်ခန်းများနှင့် စစ်မြေပြင် လေ့ကျင့်ခန်းမျိုးစုံ ပါဝင်မည့် ၁၁ ရက်ကြာ Freedom Shield  စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပြီးနောက် မြောက်ကိုရီးယား၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပတ်ခ်ကမူ အမေရိကန်သည် ခေါင်းဆောင်ကင်ဂျုံအွန်၏ မြောက်ကိုရီးယား နိုင်ငံအပေါ် ရန်လိုသည် ့သဘောထားမရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများသည် ဒေသတွင်း ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်ဖြစ်ပြီး ကာကွယ်ရေးအတွက်သာဖြစ်ကြောင်း ပတ်ခ်က ပြောကြားခဲ့သည်။                     Ref:AFP

Most Read

Most Recent