မော်စကိုဂီတခန်းမ ပစ်ခတ်မှုဖြစ်စဉ်၏ နောက်ကွယ်တွင်ရှိနေသူများကို ဖော်ထုတ်ပြီး အပြစ်ပေးသွားမည်ဟု ပူတင် ပြောကြား

မော်စကိုဂီတခန်းမ ပစ်ခတ်မှုဖြစ်စဉ်၏ နောက်ကွယ်တွင်ရှိနေသူများကို ဖော်ထုတ်ပြီး အပြစ်ပေးသွားမည်ဟု ပူတင် ပြောကြား
မော်စကိုဂီတခန်းမ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး မိန့်ခွန်းပြောကြားနေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို မတ် ၂၃ ရက်က တွေ့ရစဉ်(Photo:AFP)
မော်စကိုဂီတခန်းမ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး မိန့်ခွန်းပြောကြားနေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို မတ် ၂၃ ရက်က တွေ့ရစဉ်(Photo:AFP)
Published 25 March 2024

ရုရှားနိုင်ငံ မော်စကိုမြို့တော်အနီးရှိက ပွဲခန်းမတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်၏ နောက်ကွယ်တွင်ရှိနေသူများကို ဖော်ထုတ်ပြီး အပြစ်ပေးသွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ရုရှားတွင် ပစ်ခတ်မှုကျူးလွန်ခဲ့သည့် သံသယရှိသူ သေနတ်သမားလေးဦးစလုံးကို  ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီးနောက် ပူတင်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။

မတ် ၂၂ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်ကို အိုင်အက်စ်စစ်သွေးကြွအဖွဲ့က တာဝန်ခံထွက်ဆိုထားသော်လည်း ရုရှားသည် အဆိုပါတိုက်ခိုက်မှုကို ယူကရိန်းနှင့် ချိတ်ဆက်မှုရှိ မရှိ လေ့လာနေသည့် လက္ခဏာများလည်း ထွက်ပေါ်နေသည်။

ယူကရိန်းအရာရှိများကမူ အဆိုပါတိုက် ခိုက်မှုဖြစ်စဉ်သည် ယူကရိန်းနှင့်ပတ်သက်မှု မရှိကြောင်း ပြောကြားခဲ့သည်။

ရုရှား၏ စုံစမ်းစစ်ဆေးရေးကော်မတီက မတ်၂၂ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကြောင့် လူ ၁၃၃ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ရုရှား၏ State TV အယ်ဒီတာ မာဂါရီတာ ဆိုင်မွန်ယန်ကမူ မည်သည့်သတင်းရင်းမြစ်ကိုမျှ ကိုးကားခြင်းမရှိဘဲ သေဆုံးသူ အရေအတွက် ၁၄၃ ဦးရှိကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။

ပူတင်သည် နိုင်ငံပိုင်ရုပ်သံမှ မိန့်ခွန်း ပြောကြားရာတွင် သေနတ်သမားလေးဦးအပါအဝင် လူ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြောကြားခဲ့သည်။

“သူတို့တွေဟာ ပုန်းလျှိုးကွယ်လျှိုးနဲ့ ယူကရိန်းကို သွားဖို့ ကြိုးစားခဲ့တယ်လို့ ကနဦး လေ့လာတဲ့ အချက်အလက်တွေအရ သိရပါတယ်။ ယူကရိန်းဘက်ကလည်း သူတို့ကို လက်ခံဖို့ ပြင်ဆင်ထားပါတယ်”ဟု ပူတင်က ပြောကြားခဲ့သည်။

ရုရှား၏ ထောက်လှမ်းရေးအဖွဲ့ဖြစ်သည့် FSB က သေနတ်သမားများသည် ယူကရိန်း နှင့် အဆက်အသွယ်ရှိပြီး နယ်စပ်အနီးတွင် ဖမ်းဆီးရမိခဲ့ကာ မော်စကိုသို့ လွှဲပြောင်းပို့ ဆောင်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

ပူတင်နှင့် FSB တို့က မတ် ၂၂ ရက် တိုက်ခိုက်မှုသည် ယူကရိန်းနှင့် ဆက်နွှယ်မှုရှိသည်ဆိုသည့် မည်သည့် သက်သေအ ထောက်ထားကိုမျှ လူသိရှင်ကြား တင်ပြခဲ့ခြင်းမရှိပေ။

“ယူကရိန်းဟာ ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ မပါဝင်ပါဘူး။ ယူကရိန်းဟာ ရုရှားကျူးကျော်သူတွေရဲ့ ရန်ကနေ မိမိရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်နေပြီး မိမိတို့ရဲ့ နယ်မြေကို လွတ်မြောက်စေဖို့နဲ့ ရန်သူတွေရဲ့ စစ်ရေး ပစ်မှတ်တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။ အရပ်သားတွေကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး”ဟု ယူကရိန်း၏ စစ်ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူ အန်ဒရီ ယူဆော့ဗ်က ပြောကြားခဲ့သည်။

သံသယရှိသူများကို ယူကရိန်းသို့ သွားသည့်လမ်းကြောင်းတွင် ဖမ်းဆီးရမိသည်ဆိုသည့် FSB ၏ ပြောကြားချက်သည် နောက်ထပ်အလိမ်အညာတစ်ခုသာဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။

အမေရိကန်ကမူ ထိုတိုက်ခိုက်မှုသည် ယူကရိန်းနှင့်ပတ်သက်သည့် အထောက်အထားများ မတွေ့ရသေးကြောင်း ပြောကြားခဲ့သော်လည်း ရုရှားလွှတ်တော်အမတ် အန်ဒရီ ကာတာပိုလော့ဗ်ကမူ ထိုတိုက်ခိုက်မှုတွင် ယူကရိန်းပါဝင်ပတ်သက်ခဲ့မည်ဆိုပါက စစ်မြေပြင်တွင် ရုရှားက ပြင်းထန်စွာ တုံ့ပြန်သွား ရမည်ဟု ပြောကြားခဲ့သည်။ Ref:Reuters

Most Read

Most Recent