COVID_19 အကျပ်အတည်းမှ ရုန်းမထွက်နိုင်သေးသည့် ဆင်းရဲသောနိုင်ငံများ

COVID_19 အကျပ်အတည်းမှ ရုန်းမထွက်နိုင်သေးသည့် ဆင်းရဲသောနိုင်ငံများ
Photo: AP
Photo: AP
Published 17 March 2024

COVID_19 ကပ်ရောဂါ အကျပ်အနည်းမှ နိုင်ငံအများစု ပြန်လည်နာလန်ထူလာသော်လည်း အဆင်းရဲဆုံး နိုင်ငံအချို့တွင် စားဝတ်နေရေး အခြေအနေများမှာ ဆိုးရွားနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် (UNDP) က မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်စုအတွင်း ချမ်းသာသည့် နိုင်ငံများနှင့် ဆင်းရဲသည့် နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှု သတ်မှတ်ချက်များအရ နီးစပ်လာခဲ့သော်လည်း ကပ်ရောဂါ နှင့်ပတ်သက်ပြီး ယခုတွေ့ရှိချက်သည် ချမ်းသာသည့်နိုင်ငံများနှင့် ဆင်းရဲသည့်နိုင်ငံများအကြား ကွာဟလာစေနိုင်သည့် သတိပေးချက် တစ်ခုဖြစ်သည်ဟု UNDP အကြီးအကဲ အက်ချင်စတိန်နာက ပြောကြားခဲ့သည်။

UNDP သည် ၁၉၉၀ ပြည့်နှစ် မှ စတင်ပြီး လူသားဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းကို ကောက်ယူခဲ့ပြီး ကပ် ရောဂါဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် နှင့် ၂၀၂၁ ခုနှစ်များတွင် တိုးတက်မှု နှုန်းလျော့ကျခဲ့ပြီးနောက် ၂၀၂၃ ခု နှစ်တွင် စံချိန်တင်မြင့်တက်ခဲ့သည်။

သို့သော် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများထဲမှ ထက်ဝက်ခန့်တွင် ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၁၉ ခုနှစ် ကပ်ရောဂါမတိုင်မီ အခြေအနေ အောက်တွင် ရှိနေဆဲဖြစ်သည်ဟု UNDP က ထုတ်ပြန်ခဲ့သည်။

“ချမ်းသာတဲ့လူတစ်ယောက်နဲ့ ဆင်းရဲတဲ့လူတစ်ယောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ အလွန်မညီမျှတာကို တွေ့ရမှာဖြစ်ပါတယ်။  အဲဒီအခြေအနေဟာ ဆင်းရဲမွဲတေမှုကို ပိုမိုဆိုးရွားစေပြီး၊ သာတူညီမျှ မရှိမှုတွေ ပိုမိုမြင့်တက်လာစေကာ  ဆင်းရဲဒုက္ခတွေ ပိုဖြစ်စေပါတယ်”ဟု စတိန်နာက ပြောကြားခဲ့သည်။

စီးပွားရေး ကြွယ်ဝမှုကို အာရုံစိုက်လေ့လာခြင်းအားဖြင့် မညီမျှမှုများ မြင့်တက်လာသည့် အခြေအနေသည် ပိုမိုဆိုးရွားလာသည်ကို မြင်တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ကုန်စည် ကုန်သွယ်မှု၏ ၄၀ ရာခိုင်နှုန်းသည် သုံးနိုင်ငံ သို့မဟုတ် သုံးနိုင်ငံအောက် ရှိသည့် နိုင်ငံများတွင်ဖြစ်သည်ဟု UNDP က ပြောသည်။

၂၀၂၁ ခုနှစ်အတွင်း Amazon၊ Apple နှင့် Microsoft ကုမ္ပဏီများ၏ စတော့စျေးကွက်တန်ဖိုးသည် ထိုအချိန်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင် ငံ ၁၉၃ နိုင်ငံအနက် ၉၀ ရာခိုင်နှုန်းကျော်၏ ဂျီဒီပီကို ကျော်လွန်ခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့် ၂၁ ရာစုတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ အနာဂတ် ကပ်ရောဂါ၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် AI နည်းပညာများ၏ အခန်းကဏ္ဍများအပါအဝင် အဓိက ခြိမ်းခြောက်မှုများကို အာရုံစိုက်ရန် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း စတိန်နာက ပြောကြားခဲ့သည်။

သို့သော် လက်ရှိတွင် စိတ်ပျက်စရာကောင်းသည့် အခြေအနေနှင့် ဆန့်ကျင်ဘက် အစွန်းနှစ်ဘက်သို့ ရောက်ရှိမှု ပိုမိုမြင့်တက်လာခဲ့သည်ဟု ၎င်းက သတိပေးခဲ့သည်။

ထိုအခြေအနေသည် လူ့အသိုင်းအဝိုင်းကို နှစ်ခြမ်းကွဲစေမှု၊ နိုင်ငံရေးအစွန်းရောက်စေမှုကို ပိုမို မြင့်တက်စေပြီး လူတစ်ဦးနှင့်တစ်ဦး ဆန့်ကျင်သည့် အခြေအနေကို ပိုဖြစ်စေနိုင်သည်ဟု ၎င်းက ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ အများသုံး ကုန်စည်များအပေါ် ပိုမိုသုံးစွဲခြင်းသည် ရာသီဥတုနှင့် ကမ္ဘာကို တည် ငြိမ်စေမှုအပါအဝင် လူသားအားလုံးအတွက် အကျိုးရှိစေမည်ဖြစ်ပြီး လူသားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာသစ်များကို ကောင်းမွန်စွာ အသုံးချသင့်သည်ဟုလည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းခဲ့သည်။

UNDP ၏ လူသားဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းသည် ကျန်းမာပြီး အသက်ရှည်သည့် ဘဝအတွက် အ ဓိကကျသည့် အချက်အလက်များကို တိုင်းတာခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်က နောက်ဆုံး ထုတ်ပြန်သည့် ညွှန်းကိန်းတွင် လူသားဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်ဆုံး ၁၀ နိုင်ငံ စာရင်းတွင် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်၊ ဟောင်ကောင်၊ ဒိန်းမတ်၊ ဆွီဒင်၊ ဂျာမနီနှင့် အိုင်ယာလန် ပူးတွဲ၊ စင်ကာပူနှင့် သြစတြေးလျ -နယ်သာလန် တို့ ပါဝင်ခဲ့သည်။

လူသားဖွံ့ဖြိုးတိုးတက်မှုနှုန်း အနိမ့်ဆုံး ၁၀ နိုင်ငံတွင် ဆီရာလီယွန်၊ ဘာကီနာဖာဆို၊ ယီမင်၊ ဘူရန်ဒီ၊ မာလီ၊ ချဒ်၊ နိုက်ဂျာ၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ တောင်ဆူဒန်နှင့် ဆိုမာလီယာနိုင်ငံတို့ ပါဝင်ခဲ့သည်။

ထို ၁၀ နိုင်ငံအနက် ယီမင်နိုင်ငံမှလွဲပြီး ကျန်ကိုးနိုင်ငံသည် အာဖရိကတိုက်မှဖြစ်သည်။

          Ref:AP

Most Read

Most Recent