နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် သမ္မတဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရန့်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဦးညွှတ်သူဟု ဝေဖန်ထိုးနှက်

နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် သမ္မတဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရန့်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဦးညွှတ်သူဟု ဝေဖန်ထိုးနှက်
ကွန်ဂရက်၌ ဂျိုးဘိုင်ဒင် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားနေပုံကို မတ် ၇ ရက်တွင် တွေ့ရစဉ် (Photo: AFP)
ကွန်ဂရက်၌ ဂျိုးဘိုင်ဒင် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားနေပုံကို မတ် ၇ ရက်တွင် တွေ့ရစဉ် (Photo: AFP)
Published 8 March 2024

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် မတ် ၇ ရက်တွင် ပြောကြားခဲ့သည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ၎င်း၏အဓိကပြိုင်ဘက် ဒေါ်နယ်ထရန့်ကို ပြင်းပြင်းထန်ထန်ထိုးနှက်ဝေဖန်ခဲ့သည်။

အသက် ၈၁ နှစ်အရွယ်သမ္မတဂျိုးဘိုင်ဒင်သည် မိန့်ခွန်းအဖွင့်တွင်ပင် ဝေဖန်ထိုးနှက်သည့်စကားများကို ပြောကြားခဲ့ကာ ရီပတ်ဘလီကင်ထရန့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဦးညွှတ်နေသည်ဟု စွပ်စွဲပြော ကြားခဲ့သည်။ ထို့အပြင် ကိိုယ်ဝန်ဖျက်ချသည့် ကိစ္စမှသည် စီးပွားရေးအထိအားလုံးနှင့်ပတ်သက်၍ ဒေါ်နယ်ထရန့်ကို ဝေဖန်တိုက်ခိုက်ခဲ့သည်။

“သမ္မတ လင်ကွန်းနဲ့ပြည်တွင်းစစ် နောက်ပိုင်းကတည်းက လွတ်လပ်ခွင့်နဲ့ဒီမိုကရေစီဟာ ကိုယ့်ပြည်တွင်းမှာ ဒီနေ့လောက် စော်ကားခံရတာမရှိခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့အခါသမယကို ရှားရှားပါးပါးဖြစ်သွား စေတဲ့အရာကတော့ ပြည်တွင်းနဲ့ပြည်ပမှာလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီတို့ တိုက်ခိုက်ခံနေရတာပဲဖြစ်ပါတယ်”ဟု ဂျိုးဘိုင်ဒင်ကပြောကြားခဲ့သည်။

ယင်း နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားနေစဉ် သမ္မတတစ်ဦးက ရွေးကောက်ပွဲပြိုင်ဘက်ကို တိုက်ရိုက် ဝေဖန်တိုက်ခိုက်ခဲ့ရာတွင် ဘိုင်ဒင်သည် ထရန့်၏အမည်ကို ထည့်သွင်းပြောကြားခြင်းမရှိသော်လည်း       “ကျွန်တော့်ရှေ့က လူ”ဟု ၁၃ ကြိမ်သုံးနှုန်းကာ ဝေဖန်ခဲ့သည်။

နေတိုးနှင့်ပတ်သက်၍ အမေရိကန်၏လုပ်ဆောင်ချက်အကြောင်း မကြာသေးမီကထရန့်ပြောကြားခဲ့သော စကားမှာ ရုရှားခေါင်းဆောင်ထံ ဦးညွှတ်လိုက်သောစကားဖြစ်သည်ဟု ဘိုင်ဒင်က ပြောကြားခဲ့ရာ ယင်း စကားကြောင့် ဒီမိုကရက်များက သြဘာပေးခဲ့သည်။

“ကျွန်တော်ကတော့ ဦးညွှတ်မှာမဟုတ်ပါဘူး”ဟု သမ္မတဘိုင်ဒင်က ပြောကြားခဲ့သည်။

သမ္မတတစ်ဦးက နှစ်စဉ်ပြောကြားသော နိုင်ငံတော်အခြေပြမိန့်ခွန်းသည် သမ္မတ၏ အရင်းနှီးဆုံး နိုင်ငံရေးမိတ်ဖက်များနှင့် အနီးဆုံး ပြိုင်ဘက်များ၏ရှေ့မှောက်တွင် သမ္မတအဖြစ် ပြန်လည် အရွေးခံရရေးအတွက် အကောင်းဆုံးစည်းရုံးနိုင်သည့် မိန့်ခွန်းဖြစ်သည်။ နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ ပြော ကြားသော ယင်းမိန့်ခွန်းကို အမျိုးသားရုပ်သံမှ မဲဆန္ဒရှင်ပြည်သူ သန်းပေါင်းများစွာကြည့်ရှုကြသည်။

ဒီမိုကရက်များက ဘိုင်ဒင်ကိုနောက်ထပ်လေးနှစ်ဟု အော်ပြောကြားခဲ့ကြပြီး ဒုတိယသမ္မတ ကာမလာဟဲရစ်က ထိုင်ခုံမှထကာ ဘိုင်ဒင်ကို လက်ခုပ်သြဘာပေးခဲ့သော်လည်း ရီပတ်ဘလီကင် အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကမူ ခေါင်းယမ်းနေခဲ့သည်။

သဘောထားအမြင် စစ်တမ်းများတွင် အသက် ၇၇ နှစ်အရွယ် ဒေါ်နယ်ထရန့်က ဘိုင်ဒင်ထက် အနည်းငယ်အသာရနေသည်ကို တွေ့ရသည်။

“စကားပြောနေတုန်းမှာ သူဟာဒေါသထွက်နေပုံပေါ်ပါတယ်။ ဒါဟာ ရှုံးနေပြီဆို တာကို သိနေတဲ့ လူရဲ့ပုံစံဖြစ်ပါတယ်။ ဒေါသရယ်၊ အသံအကျယ်ကြီးပြောတာတွေရယ်ဟာ ကျွန်တော်တို့ နိုင်ငံကို ပြန်လည်စည်းလုံးအောင်လုပ်ဆောင်ရာမှာ  အထောက်အကူမပြုပါဘူး”ဟု ထရန့်က ၎င်း၏ လူမှုမီဒီယာ ဖြစ်သော Truth Social တွင် ပို့စ်တင်ကာ ဂျိုးဘိုင်ဒင်ကို တုံ့ပြန်ခဲ့သည်။

Ref: AFP