ဆူဒန်တွင် ကလေးသူငယ်များနှင့် မိခင်ပေါင်း ၂၃၀၀၀၀ နီးပါး အစာရေစာ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးနိုင်ခြေရှိကြောင်း Save the Children အဖွဲ့ ပြောကြား

ဆူဒန်တွင် ကလေးသူငယ်များနှင့် မိခင်ပေါင်း ၂၃၀၀၀၀ နီးပါး အစာရေစာ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးနိုင်ခြေရှိကြောင်း Save the Children အဖွဲ့ ပြောကြား
မတ် ၆ ရက်က ဆူဒန်နိုင်ငံ ဂါဒါရက်ဖ်မြို့ရှိ စာသင်ကျောင်းဝင်းအတွင်း စစ်ဘေးရှောင် ဆူဒန်ကလေးများကို တွေ့ရစဉ်(Photo:AFP)
မတ် ၆ ရက်က ဆူဒန်နိုင်ငံ ဂါဒါရက်ဖ်မြို့ရှိ စာသင်ကျောင်းဝင်းအတွင်း စစ်ဘေးရှောင် ဆူဒန်ကလေးများကို တွေ့ရစဉ်(Photo:AFP)
Published 14 March 2024

စစ်ပွဲဖြစ်ပွားနေသည့် ဆူဒန်နိုင်ငံတွင် ကလေးသူငယ်များနှင့် မီးဖွားပြီးကာစ မိခင်ပေါင်း ၂၃၀၀၀၀ နီးပါးသည် အစာရေစာ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးနိုင်ခြေရှိကြောင်း Save the Children အဖွဲ့က မတ် ၁၃ ရက်တွင် သတိပေးခဲ့သည်။

ဆူဒန်တွင် ပြိုင်ဘက်စစ်ဗိုလ်ချုပ်ကြီး နှစ်ဦး၏ တပ်ဖွဲ့များအကြား ၁၁ လနီးပါးကြာ တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် လူပေါင်းသောင်း ချီသေဆုံးကာ လူရှစ်သန်းခန့် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

လယ်ကွင်းများနှင့် စက်ရုံများတွင် ဗုံးပေါက်ကွဲမှု၊ ထိခိုက်ပျက်စီးမှုတို့ကြောင့် ဆူဒန်သည် ကမ္ဘာပေါ်တွင် အာဟာရချို့တဲ့မှု အဆိုးရွားဆုံးအခြေအနေများထဲတွင် တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်ဟု Save the Children အဖွဲ့၏ ဆူဒန်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး အာရစ်ဖ်နျူအာက ပြောကြားခဲ့သည်။

ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကလေးမွေးဖွားပြီးကာစ မိခင်များသည် လာမည့်လများအတွင်း သေဆုံးနိုင်ကြောင်း ဗြိတိန် NGO  အဖွဲ့ဖြစ်သည့် Save the Children က ပြောကြားခဲ့သည်။

ဆူဒန်တွင် ကလေးသူငယ်ပေါင်း ၂ ဒသမ ၉ သန်းကျော်သည် ဆိုးရွားစွာ အာဟာရချို့တဲ့နေပြီး နောက်ထပ် အသက်ငါးနှစ်အောက် ကလေးသူငယ် ၇၂၉၀၀၀ ခန့်သည် အလွန်ဆိုးရွားသည့် အာဟာရချို့တဲ့မှုကို ခံ စားနေရသဖြင့် ငတ်မွတ်ခေါင်းပါးမှု၏ အန္တရာယ်အများဆုံးအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း Save the Children အဖွဲ့က ပြောကြားခဲ့သည်။

ဆူဒန်၏ လိုအပ်ချက်စုစုပေါင်း၏ ၅ ဒ ဿမ ၅ ရာခိုင်နှုန်းကိုသာ လွှမ်းခြုံနိုင်သည့်  လက်ရှိ ရန်ပုံငွေထောက်ပ့ံပေးနိုင်မှု အခြေအနေအရ  ဆိုးရွားစွာ အာဟာရချို့တဲ့နေသည့် ကလေးသူငယ်ပေါင်း ၂၂၂၀၀၀ ခန့်နှင့် မီးဖွားပြီးကာစ မိခင် ၇၀၀၀ ကျော်သည် သေဆုံးနိုင်ခြေရှိသည်ဟု ထိုအဖွဲ့က သတိပေးခဲ့ သည်။

ဆူဒန်တွင် ၂၀၂၃ ခုနှစ် ဧပြီ ၁၅ ရက်ကတည်းက စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဖာတာ အယ် ဘာဟန်နှင့် အရန်တပ်ဖွဲ့ (RSF) အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန်ဒါဂလိုတို့အကြား အား ပြိုင်မှုမှတစ်ဆင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

ထို့ပြင် ပဋိပက္ခများအတွင်း ကလေးသူငယ်များအပါအဝင် လူပေါင်းများစွာသည် အဓမ္မပြုကျင့်မှုခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းတို့ရှိခဲ့ပြီး ထိုတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ခံရ မည်ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဖေဖော်ဝါရီ ၂၃ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့်နှစ် ဧပြီ ၁၅ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အကြား ကာလကို လွှမ်းခြုံဖော်ပြထားသည့် ထိုထုတ်ပြန်ချက်တွင် ဆူဒန်နိုင်ငံအတွင်း အကူအညီပေးရေးအဖွဲ့များနှင့် လူ့အခွင့်အရေးစောင့်ကြည့်သူများ ဝင်ရောက်ရန်ခက်ခဲသည့် နေရာဒေသများတွင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုများရှိခဲ့ကြောင်းနှင့် ထိုဖြစ်စဉ်များသည် အစ္စရေး-ဟားမာ့စ်စစ်ပွဲ၊ ရုရှား-ယူက ရိန်းစစ်ပွဲများကြောင့် မှေးမှိန်ခဲ့ရကြောင်း ဖော်ပြထားသည်။

ဆူဒန်တွင် အဓမ္မပြုကျင့်မှုအပါအဝင် လိင်အကြမ်းဖက်မှုခံခဲ့ရသူပေါင်း ၁၁၈ ဦး ထက်မနည်းရှိခဲ့ပြီး နစ်နာသူအများစုသည် အိမ်များနှင့် လမ်းများပေါ်တွင် အရန်တပ်ဖွဲ့ဝင်များ၏ ကျူးလွန်မှုကို ခံခဲ့ရကြောင်း မှတ် တမ်းတွင် ဖော်ပြထားသည်။         Ref:AFP

Most Read

Most Recent