ဟူရ်သီအဖွဲ့၏ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တစ်စင်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း အမေရိကန် ပြောကြား

ဟူရ်သီအဖွဲ့၏ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တစ်စင်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း အမေရိကန် ပြောကြား
ယီမင်ရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် လေယာဉ်တင်သင်္ဘောပေါ်မှ လေယာဉ်တစ်စီး ပျံတက်သွားပုံကို ဇန်နဝါရီ ၁၂ ရက်တွင် တွေ့ရစဉ် (Photo: Reuters)
ယီမင်ရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် လေယာဉ်တင်သင်္ဘောပေါ်မှ လေယာဉ်တစ်စီး ပျံတက်သွားပုံကို ဇန်နဝါရီ ၁၂ ရက်တွင် တွေ့ရစဉ် (Photo: Reuters)
Published 2 March 2024

အမေရိကန်လေယာဉ်တစ်စင်းအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုဟု ယူဆရသည့် ယီမင်နိုင်ငံအတွင်းရှိ ဟူရ်သီအဖွဲ့၏ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကို အမေရိကန်တပ်ဖွဲ့များက မတ် ၁ ရက်တွင် တိုက်ခိုက်ဖျက် ဆီးခဲ့သည်ဟု အရှေ့အလယ်ပိုင်းရှိ အမေရိကန်ဗဟိုစစ်ဌာနချုပ်(CENTCOM)က ပြောကြားခဲ့သည်။

အီရန်က ကျောထောက်နောက်ခံပေးထားသည့် ဟူရ်သီအဖွဲ့သည် ယီမင်နိုင်ငံ၏ နယ်မြေဒေသအများစုကို ထိန်းချုပ်ထားပြီး အစ္စရေး-ဟားမာ့စ်စစ်ပွဲအတွင်း ဂါဇာဒေသရှိ ပါလက်စတိုင်းတို့နှင့် စည်းလုံးကြောင်းပြသ သည့်အနေဖြင့် ပြီးခဲ့သည့်နှစ်နိုဝင်ဘာလကတည်းက ပင်လယ်နီတွင် သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် အမေရိကန်သည် ပင်လယ်နီအတွင်းရှိ သင်္ဘောများကို ကာကွယ်ရန်ရေတပ်ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဟူရ်သီတို့၏ နယ်နိမိတ်များကို ဗြိတိန်နှင့်ပူးတွဲတိုက်ခိုက်ခြင်း၊ ၎င်းတစ်နိုင်ငံတည်း သီး ခြားတိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့သည်။

မတ် ၁ ရက် မွန်းလွဲပိုင်းတွင် အမေရိကန်တပ်ဖွဲ့များသည် ပစ်လွှတ်ရန် ပြင်ဆင်ထားသည့် ဟူရ်သီတို့၏ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တစ်စင်းကို မိမိကိုယ်ကိုယ်ကာကွယ်ရေးရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ ကြောင်း၊ ထိုဒုံးကျည်သည် ဒေသတွင်း အမေရိလေယာဉ်များအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုဟု ဆုံးဖြတ်ခဲ့ပြီးနောက် တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု CENTCOM က ထုတ်ပြန်ခဲ့သည်။

ဟူရ်သီအဖွဲ့သည် မတ် ၁ ရက် ညပိုင်းတွင် ပင်လယ်နီအတွင်း သင်္ဘောဖျက်ဒုံးကျည် တစ်စင်းပစ်လွှတ်ခဲ့သော်လည်း မည်သည့်သင်္ဘောကိုမှ ထိခိုက်ခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန်နှင့် ဗြိတိန်တို့သည် ယီမင်နိုင်ငံအတွင်းရှိ နယ်မြေဒေသ ရှစ်ခုတွင်ရှိသည့် လက်နက်သိုလှောင်ရုံများ၊ တိုက်ခိုက်ရေးဒရုန်းများ၊ လေကြောင်းကာကွယ်ရေးစနစ်များ၊ ရေဒါများ၊ ရဟတ်ယာဉ်တစ်စင်းအပါအဝင် ဟူရ်သီပစ်မှတ် ၁၈ ခုကို တိုက်ခိုက်ခဲ့ကြောင်း ပူးတွဲအစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ထိုတိုက်ခိုက်မှုများအတွင်း လူတစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဟူရ်သီအဖွဲ့၏ တရားဝင်သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၂၅ ရက်က ပြောကြားခဲ့သည်။

အမေရိကန်တပ်ဖွဲ့များသည် ဖေဖော် ၀ါရီ ၂၆ ရက်ကလည်း ယီမင်နိုင်ငံရှိ မောင်းသူမဲ့ ရေယာဉ်သုံးစင်းနှင့်ခရုစ်ဒုံးကျည်နှစ်စင်းတို့ကိုလည်းကောင်း၊ ပင်လယ်နီတွင်တိုက်ခိုက် ရေးဒရုန်းတစ်စင်းကိုလည်းကောင်း တိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီ ၂၆ ရက် တိုက်ခိုက်မှုများတွင် မောင်းသူမဲ့ ရေပေါ်သွားရေယာဉ်သုံးစင်း၊ ရွေ့လျား သင်္ဘောဖျက်ခရုစ် ဒုံးကျည်နှစ်စင်း၊ တစ်ခါသုံးမောင်းသူမဲ့ တိုက်ခိုက်ရေးဒရုန်းတို့ကို တိုက်ခိုက်ခဲ့သည်ဟု CENTCOM က ၎င်း၏တရားဝင်လူမှုမီဒီယာတွင် ထုတ်ပြန်ခဲ့သည်။

“ရေယာဉ်လက်နက်တွေနဲ့ ဒုံးကျည်တွေကို ပင်လယ်နီဘက်ကို ပစ်လွှတ်ဖို့စီစဉ်ထားတာဖြစ်ပါတယ်”ဟု CENTCOM က ဖော်ပြခဲ့ပြီး ဒရုန်းသည် လေပေါ်တွင်ပျံနေသည်ဟု ဆိုသည်။

“အဲဒါတွေဟာ ပင်လယ်နီမှာ ကုန်သင်္ဘောတွေနဲ့ အမေရိကန်ရေတပ်သင်္ဘောတွေအတွက် ချက်ချင်းဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေဖြစ်တယ်လို့ အမေရိကန်ဗဟို ကွပ်ကဲရေးဌာန တပ်ဖွဲ့တွေက ဆုံးဖြတ်ခဲ့ပါတယ်”ဟု ဖော်ပြထားသည်။

ဟူရ်သီအဖွဲ့သည် နိုဝင်ဘာလလယ်ကတည်းက ကုန်တင်သင်္ဘောများနှင့် ရေတပ်သင်္ဘောများကိုတိုက်ခိုက်မှု အကြိမ်ရေ ၄၅ ကြိမ်ကျော်လုပ်ဆောင်ထားခြင်းသည် ကမ္ဘာ့စီးပွားရေးကိုသာမက ဒေသဆိုင်ရာလုံခြုံရေး နှင့်တည်ငြိမ်ရေးတို့ ကိုပါခြိမ်းခြောက်မှုဖြစ်သည်ဟု သြစတြေးလျ၊ ဒိန်းမတ်၊ ဘာရိန်း၊ ကနေဒါတို့အပါအဝင် အခြားနိုင်ငံများက လက်မှတ်ရေးထိုးထားသော ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: AFP

Most Read

Most Recent