ယူကရိန်း၌ ရုရှား အသာစီးရမှုများ ရှိလာမည်ဆိုပါက တရုတ် တာဝန်ခံရမည်ဟု အမေရိကန် သတိပေး

ယူကရိန်း၌ ရုရှား အသာစီးရမှုများ ရှိလာမည်ဆိုပါက တရုတ် တာဝန်ခံရမည်ဟု အမေရိကန် သတိပေး
၂၀၁၉ ခုနှစ် မတ်လ ၂၃ ရက်က ပေကျင်း၌ ပြုလုပ်သည့် တရုတ်ဖွံ့ဖြိုးရေးဖိုရမ်တွင် ကာ့ကမ့်ဘဲလ် တက်ရောက်ဆွေးနွေးခဲ့ပုံကို တွေ့ရစဉ်
၂၀၁၉ ခုနှစ် မတ်လ ၂၃ ရက်က ပေကျင်း၌ ပြုလုပ်သည့် တရုတ်ဖွံ့ဖြိုးရေးဖိုရမ်တွင် ကာ့ကမ့်ဘဲလ် တက်ရောက်ဆွေးနွေးခဲ့ပုံကို တွေ့ရစဉ်
Published 11 April 2024

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ တရုတ်နိုင်ငံကို လာရောက်သည့် ခရီးစဉ်အတွင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆောင်ရွက်မည်ဟု တရုတ်က ထပ်လောင်းပြောဆိုခဲ့ပြီးနောက် ယူူကရိန်းတွင် ရုရှား အသာရမှုများ ရှိလာမည်ဆိုပါက တရုတ် တာဝန်ခံရလိမ့်မည်ဟု ဧပြီ ၉ ရက်တွင်အမေရိကန်က သတိပေးခဲ့သည်။

ဥရောပ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းထားခြင်းသည် အမေရိကန် ပြည်ထောင်စုအတွက် သမိုင်းအစဉ်အလာအားဖြင့် အရေးအကြီးဆုံး တာဝန်တစ်ရပ်ဖြစ်သည်ဟု အာရှဆိုင်ရာ အမေရိကန်မူဝါဒကို ကိုင်တွယ်ဆောင်ရွက်နေသည်မှာ ကြာပြီဖြစ်သော အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာ့ကမ့်ဘဲလ်က ပြောကြားသည်။

ယူကရိန်းကို နောက်ထပ်လက်နက်အကူအညီများ ပေးအပ်ရေးကိစ္စ အတည်ပြုရန် အမေရိကန်ကွန်ဂရက်၌ ကြန့်ကြာနေချိန်တွင် ရုရှားက ယူကရိန်းကို ထိုးစစ်အသစ်များ ပြန်လည်လုပ်ဆောင်နေခြင်းနှင့်အတူ ရုရှား နယ်မြေအသာစီးရမှုများသည် ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက လက်မခံနိုင်သော နည်းလမ်းများဖြင့် ဥရောပတွင် အင်အားချိန် ခွင်လျှာကို အပြောင်းအလဲဖြစ်စေနိုင်သည်ဟု ကမ့်ဘဲလ်က သတိပေးခဲ့သည်။

“ဒါ ဆက်လက်ဖြစ်နေမယ်ဆိုရင် အဲဒါဟာ အမေရိကန်-တရုတ် ဆက်ဆံရေးကို  သက်ရောက်မယ်လို့ ကျွန်တော်တို့က တရုတ်ကို တိုက်ရိုက်ပြောထားပါတယ်။ ကျွန်တော်တို့က ဒီအတိုင်းကြည့်နေမှာ မဟုတ်ပါ ဘူး။ အရာရာဟာ အဆင်ပြေနေပါတယ်လို့လည်း ပြောနေမှာမဟုတ်ပါဘူး”ဟု ကမ့်ဘဲလ်က ပြောကြားခဲ့သည်။

“ရုရှားရဲ့ နယ်မြေအသာစီးရမှုတွေဟာ ရုရှားချည်းသက်သက် လုပ်ဆောင်တဲ့ကိစ္စတွေလို့ ကျွန်တော်တို့ မမြင်ပါဘူး။ တရုတ်သာမက မြောက်ကိုရီးယားကပါ ထောက်ခံထားတဲ့ ပူးပေါင်းလုပ်ဆောင်ချက်တွေ ဖြစ်တယ်လို့ မြင်ထားပါတယ်”ဟု ပညာရေးအုပ်စုဖြစ်သည့် အမေရိကန်-တရုတ်ဆိုင်ရာ အမျိုးသား ကော်မတီကို ၎င်းက ပြောကြားခဲ့သည်။

လက်ဗ်ရော့သည် ဧပြီ ၉ ရက် မွန်းလွဲပိုင်းက တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ကြေညာခဲ့သည်။

ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း ရုရှားနှင့် တရုတ်တို့သည် သံတမန်ဆက်ဆံရေး ပိုမိုနက်နက်ရှိုင်းရှိုင်းရှိစေရန် ကြိုးပမ်းနေစဉ် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့သည် နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ဧပြီ ၈ ရက်က တရုတ်သို့ ရောက်ရှိခဲ့သည်။

တရုတ်အနေဖြင့် ရုရှားနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် မိမိတို့နှစ်နိုင်ငံသည် မှန်ကန်၍ တရားမျှတသည့်ဘက်တွင် ရပ်တည်ရမည်ဖြစ်ကြောင်း ဧပြီ ၉ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ် ရော့နှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ကျူးကျော်ရန် အမိန့်ပေးလိမ့်မည်ဆိုသည့် ထောက်လှမ်းရေးသတင်းများကို သမ္မတဂျိုး ဘိုင်ဒင်၏အစိုးရအဖွဲ့က တရုတ်တာဝန်ရှိသူများကို ကြိုတင်သတိပေးခဲ့သည်ဟု ကမ့်ဘဲလ်က ပြောကြားခဲ့သည်။

“သူတို့က ကျွန်တော်တို့ပြောတာကို  ပြည့်ပြည့်ဝ၀ ယုံကြည်တယ်လို့ ကျွန်တော်တို့ သေသေချာချာ မပြောနိုင်ပါဘူး။ ဒါမှမဟုတ် ဒါဟာ ကြီးကြီးမားမားကိစ္စမဟုတ်ဘဲ အသေးအဖွဲကိစ္စပါလို့ ထင်ကောင်းထင်ခဲ့မှာပါ”ဟု ကမ့်ဘဲလ်က ပြောကြားခဲ့သည်။

တရုတ်သည် ရုရှား၏စောစောပိုင်း ခရီးမတွင်မှုများကို မြင်ရသဖြင့် စိုးရိမ်ခဲ့ကြောင်း၊ ရုရှားအတွက် စွမ်းရည်အားလုံး ပြန်လည်တည်ဆောက်ရေးကို ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“အစပိုင်းမှာတော့ ဒါဟာ ခံစစ်ပိုင်းလုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ အစိုးရအဖွဲ့ အပြောင်းအလဲကို မြင်ချင်ခဲ့တာမဟုတ်ပါ ဘူး”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent