တောင်ကိုရီးယားသပိတ်မှောက်မှုတွင် ပါဝင်သည့် ဆရာဝန်နှစ်ဦး ဆေးကုသခွင့်လိုင်စင်ရုပ်သိမ်းခံရ

တောင်ကိုရီးယားသပိတ်မှောက်မှုတွင် ပါဝင်သည့် ဆရာဝန်နှစ်ဦး ဆေးကုသခွင့်လိုင်စင်ရုပ်သိမ်းခံရ
Published 19 March 2024

သပိတ်မှောက်မှုတွင်ပါဝင်နေသဖြင့် ဆရာဝန်နှစ်ဦးကို အစိုးရက ဆေးကုသခွင့်လိုင်စင်ရုပ်သိမ်းထားကြောင်း ကိုရီးယားဆေးဘက်ဆိုင်ရာအသင်း(KMA)က မတ် ၁၉ ရက်တွင်ကြေညာသည်။

ကျန်းမာရေးကဏ္ဍ ကသောင်းကနင်းဖြစ်လာသည်အထိ အုံကြွခဲ့သည့် တောင်ကိုရီးယားဆရာဝန်များ၏ ဆန္ဒပြမှု တစ်လကြာအတောအတွင်း ပထမဆုံးအရေးယူလိုက်မှုဖြစ်သည်။

ဆရာဝန်များထပ်မံမွေးထုတ်မည့် အစိုးရ၏ပြုပြင်ပြောင်းလဲရေးစီမံချက်ကို ဆန့်ကျင်သည့်အနေဖြင့် ဖေဖော်ဝါရီ  ၂၀ ရက်မှစတင်ကာ အငယ်တန်းဆရာဝန်များ အလုပ်မဆင်းကြတော့သဖြင့် ဆေးရုံများတွင် အရေးကြီးသည့်ခွဲစိတ်မှုများ ၊ ကုသမှုများ ဖျက်သိမ်းထားရသည်။

လုပ်ငန်းခွင်ပြန်ဝင်ရန်နှင့် မလိုက်နာပါက ဥပဒေအရအရေးယူမည်ဟု အစိုးရက အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း ပြဿနာကပိုဆိုးလာပြီး စီနီယာဆရာဝန်များကပါ သပိတ်မှောက်ရာတွင်ပူးပေါင်းလိုက်မည်ဟု  ခြိမ်းခြောက်လာကြသည်။ညှိနှိုင်းဆွေးနွေးမှုများတော့ ရှိမလာသေးပေ။

သပိတ်မှောက်ရန် သွေးထိုးလှုံ့ဆော်သည်ဟုဆိုကာ ကိုရီးယားဆေးဘက်ဆိုင်ရာအသင်းမှ ဆရာဝန်နှစ်ဦးကို လိုင်စင်သုံးလရုပ်သိမ်းကြောင်း မတ် ၁၈ ရက်က အကြောင်းကြားလိုက်သည်။တောင်ကိုရီးယားဥပဒေအရ ဆရာဝန်များက သပိတ်မှောက်ခွင့်မရှိဘဲ ၊ KMA မှဆရာဝန်များအပါအဝင် သပိတ်မှောက်မှုနှင့်သက်ဆိုင်နေသူများကို စုံစမ်းစစ်ဆေးရန် အစိုးရက ရဲတပ်ဖွဲ့ကို ညွှန်ကြားထားသည်။

ဒုတိယကျန်းမာရေးဝန်ကြီး ပတ်မင်ဆူကမူ ဆေးဘက်အသိုင်းအဝိုင်းနှင့် အချိန်မရွေးဆွေးနွေးရန် အစိုးရကဆနရှိသည်ဟု ပြောဆိုထားသည်။

ဆရာဝန်မလုံလောက်မှုပြဿနာကိုဖြေရှင်းရန် လာမည့်နှစ်မှစပြီး ဆေးတက္ကသိုလ်များသို့ နောက်ထပ်ဆေးကျောင်းသား ၂ဝဝဝ ဝင်ခွင့်ပြုရန် အစိုးရကကြိုးပမ်းနေပြီး ဆရာဝန်များဘက်ကမူ င်းစီမံချက်ကြောင့် ဝန်ဆောင်မှုအရည်အသွေးနှင့် ဆေးဘက်ပညာရေးကျဆင်းလာမည်ကို စိုးရိမ်နေကြကာ စီမံချက်ကိုထောက်ခံသူများကလည်း ဆရာဝန်များက ၄င်းတို့၏လစာနှင့် ရာထူးဂုဏ်ဒြပ်များကို ကာကွယ်လိုခြင်းကြောင့် ဆန့်ကျင်နေခြင်းဖြစ်သည်ဟု တုံ့ပြန်နေကြသည်။

Ref: AFP