ကလေးသူငယ်သေဆုံးမှု စံချိန်တင်လျော့ကျသော်လည်း တိုးတက်မှုနှုန်း မရေရာဟု ကုလသမဂ္ဂသတိပေး

ကလေးသူငယ်သေဆုံးမှု စံချိန်တင်လျော့ကျသော်လည်း တိုးတက်မှုနှုန်း မရေရာဟု ကုလသမဂ္ဂသတိပေး
Photo-Reuters
Photo-Reuters
Published 17 March 2024

၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ အသက်ငါးနှစ်အောက်က လေးငယ်သေဆုံးမှုနှုန်း စံချိန်တင် လျော့ကျခဲ့ကာ အရေအတွက် ငါးသန်းအောက် ပထမဆုံးအကြိမ် လျော့ကျခြင်းဖြစ်သည်ဟု ကုလသမဂ္ဂက မတ် ၁၂ ရက်က ထုတ်ပြန်သည့် စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် အသက်ငါးနှစ် မွေးနေ့မတိုင်မီ သေဆုံးသော ကလေးငယ်အရေအတွက် ၄ ဒသမ ၉ သန်းရှိကာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ၅၁ ရာခိုင်နှုန်း ကျဆင်းမှုဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ၆၂ ရာ ခိုင်နှုန်းကျဆင်းမှုဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကာ ယင်းတိုးတက်မှုသည် ရေရာမှုမရှိသည့်အပြင် မျှတမှုလည်းမရှိဟု သတိပေးထားသည်။

“သတင်းကောင်းတွေတော့ အများကြီးရှိပါတယ်။ အဓိကတစ်ခုကတော့ ကျွန်မတို့တွေ ပထမဆုံးအကြိမ်အဖြစ် အသက်ငါးနှစ်အောက် ကလေးသေဆုံးမှု ငါးသန်းအောက် လျော့ကျတဲ့ သမိုင်းတွင်တဲ့ အဆင့်တစ်ခုကို ရောက်ရှိခဲ့ပါတယ်”ဟု ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီ UNICEF ၏ ကျန်းမာရေး ဆိုင်ရာညွှန်ကြားရေးမှူး ဟယ်ဂါဖော့ဆက်က ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့နှင့်အပြင် UNICEF တို့ ပူးပေါင်းထုတ်ပြန်ထားသည့် အစီရင်ခံစာ၌ မာလာဝီ၊ ရာဝမ်ဒါနှင့် မွန်ဂိုလီးယားကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တိုးတက်မှုသည် အထူးသဖြင့် သိသာထင်ရှားကာ ယင်းနိုင်ငံများတွင် အစောပိုင်းကလေးသူငယ် သေဆုံးမှုနှုန်းသည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း ၇၅ ရာခိုင်နှုန်းကျော်ကျ ဆင်းခဲ့သည်ဟု ဆိုသည်။

“ဒီအရေအတွက်ရဲ့ နောက်ကွယ်မှာတော့ မိခင်တွေကို သူတို့ရဲ့ မွေးကင်းစကလေးတွေ ဘေးကင်းစာမွေးနိုင်ဖို့ ကူညီပေးတဲ့ လက်သည်တွေနဲ့ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ သေစေနိုင်တဲ့ရောဂါတွေ ကူးစက်မခံရအောင် ကာကွယ်ပေးတဲ့ ကာကွယ်ဆေးထိုးမှုတွေနဲ့ မိသားစုတွေကို ထောက်ပံ့ပေးတဲ့ အိမ်တိုင် ရာရောက် ပြုစုကုသမှုတွေကြောင့် ဖြစ်ပါတယ်”ဟု UNICEF အမှုဆောင်ညွှန်ကြားရေးမှူး ကက်သ ရင်းရက်ဆဲလ်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

“ဒါပေမဲ့ ဒါက မရေရာတဲ့ အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်”ဟုအစီရင်ခံစာတွင် သတိပေးထား သည်။“မွေးကင်းစကလေးငယ်နဲ့ ကလေးကျန်းမာရေးနဲ့ အသက်ရှင်ရေးအတွက် ခြိမ်းခြောက်မှုပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းဖို့ အားထုတ်ကြိုးပမ်းတာမျိုး မရှိဘူးဆိုရင် တိုးတက်မှုတွေကလည်း တုံ့ဆိုင်းနေ တာဒါမှမဟုတ် ပြောင်းပြန်သက်ရောက်တာတွေ ဖြစ်နိုင်တဲ့အန္တရာယ်ရှိပါတယ်”ဟု ဆိုသည်။

သုတေသီများက စိုးရိမ်ပူပန်ဖွယ် လက္ခဏာရပ်များကို ထောက်ပြ ပြောကြားခဲ့ကာ အသက်ငါးနှစ် အောက်သေဆုံးမှု လျော့ကျခြင်းသည် ကမ္ဘာလုံးအဆင့်တွင် နှေးကွေးခဲ့ကာ အထူးသဖြင့် အာဖရိကဆာ ဟာရဒေသတွင် ဖြစ်သည်။

စုစုပေါင်းအနေဖြင့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း အသက်ငါးနှစ်အောက် ကလေး ၁၆၂ သန်း သေဆုံးခဲ့ကာ မွေးဖွားခြင်းနှင့် ဆက်နွှယ်သော နောက်ဆက်တွဲပြဿနာများသည် ကလေးဘဝ အစောပိုင်းသေဆုံးမှု၏ အဓိကအကြောင်းအရင်းများ ဖြစ်သောကြောင့် ၎င်းတို့ထဲမှ ၇၂ သန်းသည် ၎င်းတို့ဘဝ၏ ပထမလများတွင် သေဆုံးခဲ့ကြသည်။

အသက်တစ်လမှ ငါးနှစ်ကြား ကာလတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်မှုများ၊ ငှက်ဖျားနှင့်ဝမ်း ပျက်ဝမ်းလျှောမှုများသည် အဓိက သေဆုံးသည့်အကြောင်းအရင်းများဖြစ်ကာ ယင်းရောဂါများသည်ကြို တင်ကာကွယ်နိုင်သည့်ရောဂါများ ဖြစ်သည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

၂၀၃၀ ပြည့်နှစ်တွင် အသက် ငါးနှစ်အောက်အရွယ် သေဆုံးမှုများကို ကလေး ၁၀၀၀ တွင်၂၅ ရာခိုင်နှုန်းအထိ လျှော့ချရန် ရည်ရွယ်သည့် ကုလသမဂ္ဂ၏ ရည်မှန်းချက်ကို ပြည့်မီရန်အတွက် နိုင်ငံပေါင်း ၅၉ နိုင်ငံတွင် ကလေးသူငယ်များ၏ ကျန်းမာရေးအတွက် အရေးပေါ်ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်ဟု သုတေသများက သတိပေးထားသည်။ရန်ပုံငွေ လုံလုံလောက်လောက် မရှိပါက နိုင်ငံပေါင်း ၆၄နိုင်ငံသည် ပထမဆုံးလတွင် သေဆုံးသူ ၁၀၀၀ တွင် ၁၂ ရာခိုင်နှုန်းအထိ ကန့်သတ်နိုင်မည့် ရည်ရွယ်ချက်ကို လွဲချော်သွားမည်ဖြစ်သည်။

“ဒါတွေက စာရွက်ပေါ်က အရေအတွက် ကိန်းဂဏန်းသာသာပဲ ဖြစ်ပါတယ်။သူတို့တွေက တို တောင်းတဲ့ဘဝတွေကို ကိုယ်စားပြုပါတယ်”ဟုအစီရင်ခံစာတွင်ဖော်ပြထားသည်။                      Ref:AFP