ဟေတီအသွင်ကူးပြောင်းရေးကောင်စီတွင် ပါဝင်လာမည့် ခေါင်းဆောင်များကို ဟေတီ၏  သြဇာကြီးလူဆိုးဂိုဏ်းခေါင်းဆောင်က ခြိမ်းခြောက်စာများထုတ်

ဟေတီအသွင်ကူးပြောင်းရေးကောင်စီတွင် ပါဝင်လာမည့် ခေါင်းဆောင်များကို ဟေတီ၏  သြဇာကြီးလူဆိုးဂိုဏ်းခေါင်းဆောင်က ခြိမ်းခြောက်စာများထုတ်
ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် ဆန္ဒပြတောင်းဆိုသူများကို မတ် ၁၂ ရက်တွင် ပို့အော်ပရင့်၌ တွေ့ရစဉ် (Photo: AFP)
ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် ဆန္ဒပြတောင်းဆိုသူများကို မတ် ၁၂ ရက်တွင် ပို့အော်ပရင့်၌ တွေ့ရစဉ် (Photo: AFP)
Published 15 March 2024

ဟေတီမြို့တော် ပို့အော်ပရင့်တွင် ပူပူနွေးနွေးအကြမ်းဖက်မှုများဖြစ်ပွားလာသည့်ကြားထဲ ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိစဉ် စီစဉ်ထားပြီးသားဖြစ်သော အသွင်ကူးပြောင်းရေးကောင်စီတွင် ပါဝင်လာမည့် ခေါင်းဆောင်များကို ဟေတီသြဇာကြီးလူဆိုး ဂိုဏ်းခေါင်းဆောင်က ခြိမ်းခြောက်စာများထုတ်ခဲ့သည်။

အိမ်နီးချင်း နိုင်ငံများက နယ်စပ်လုံခြုံရေးကို တိုးမြှင့်ခဲ့ကြပြီး သံရုံးဝန်ထမ်းများကို ပြန်လည်ခေါ်ယူခဲ့သည်။ ယင်းသို့သော အနေအထားတွင် ကာလရှည်စောင့်ခဲ့ရသော နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့များစေလွှတ်မည့် အစီအစဉ်သည် မရေမရာဖြစ်နေသည်။

အသွင်ကူးပြောင်းရေးကောင်စီဖွဲ့စည်းပြီးသည်နှင့်တစ်ပြိုင်တည်း မိမိနုတ်ထွက်မည်ဟု ပြည်သူမကြိုက်သော ဝန်ကြီးချုပ်အေရီရယ်ဟင်နရီက မတ် ၁၁ ရက်    တွင်ပြောကြားခဲ့ပြီးနောက် မြို့တော်ပို့အော်ပရင့်သည် ကနဦးပိုင်းတွင် ပိုမိုဆိတ်ငြိမ်သွားခဲ့သည်ဆိုသော်လည်း မတ် ၁၃ ရက်တွင် ရပ်ကွက်တစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားခြင်း၊ မတ် ၁၄ ရက် စောစောပိုင်းတွင် ရဲအကယ်ဒမီ တိုက်ခိုက်ခံရခြင်းတို့နှင့်အတူ အကြမ်းဖက် မှုတို့ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

ယခုလ ‌အစောပိုင်းတွင် သေနတ်သမားများ၏လက်ချက်ကြောင့် ထောင်သားများမရှိတော့သည့် ထောင်မကြီးတွင်မီးလောင်ခဲ့သည်။ အဆိုပါထောင်မှ မီးခိုးများထွက်လာသည်ကိုတွေ့ရသည်။ မတ် ၁၄ ရက် နေ့ခင်းပိုင်းတွင် မီးငြိမ်းသွားသည်ဟုထင်ရကြောင်း ဒေသခံမီဒီယာက ဖော်ပြခဲ့သည်။ ထို့နောက် လက်နက်အပြည့်အစုံပါသောရဲများသည် အပျက်အစီးပုံကြီးဖြစ်နေပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် မည်းနက်နေသော ထောင်ကြီးထဲကို ဝင်ရောက်လာသည်ဟု ဆိုသည်။

ထောင်ထဲတွင်လူများရှိနေသည် သို့မဟုတ် မီးလောင်ရသည့် အကြောင်းအရင်း စသည်တို့နှင့်ပတ်သက်၍ ရိုက်တာသတင်းဌာနက ချက်ချင်းအတည်မပြုနိုင်ဟုဆိုသည်။

မတ် ၁၄ ရက်တွင် အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ဖရန့်အယ်ဘီ၏အိမ်သည် မီးရှို့ခံရသည်ဟုရဲသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ ရှိမရှိဆိုသည်ကို ဖော်ပြခြင်းမရှိခဲ့ပေ။ ထို့အပြင် ဖရန့်အယ်ဘီ မည် သည့်နေရာကိုရောက်နေသလဲဆိုသည်ကိုလည်း ဖော်ပြခြင်းမရှိခဲ့ပေ။

လူဆိုးဂိုဏ်းများ ၈၀ ရာခိုင်နှုန်းထိန်းချုပ်ထားသော ပို့အော်ပရင့်တွင် မောင်းပြန်သေတန်ပစ်သံများကို မတ် ၁၃ ရက်ညပိုင်းမှ မတ် ၁၄ ရက် နံနက်လင်းအားကြီးအချိန်ထိ ကြားနေရသည်ဟု ဆိုသည်။

“သေနတ်ပစ်သံတွေကို တစ်ညလုံးကြားနေရပါတယ်။ ကျွန်တော်ဟာ တစ်မှေးမှ အိပ်မရခဲ့ပါဘူး”ဟု ပို့အော်ပရင့်ဆင်ခြေဖုံးတွင်နေထိုင်သူ ဗီဗိုင်းမစ်ချယ်ကပြောကြားသည်။

ပို့အော်ပရင် မြို့စွန်ရပ်ကွက်များတွင် ခိုးဆိုးရမ်းကားသူများသည် ရဲတပ်ဖွဲ့အကြီးအကဲ၏နေအိမ်ကို မီးရှို့ကာ ပစ္စည်းများကို လုယက်ယူငင်သွားသည်ဟု ရဲသမဂ္ဂကပြောကြားခဲ့သည်။

လက်နက်ကိုင်အုပ်စုများက တောင်းဆိုခဲ့သည့်အတိုင်း ဝန်ကြီးချုပ် အေရီရယ်ဟင်နရီက နုတ်ထွက်ပေးရန် သဘောတူထားသည့်တိုင် သြဇာကြီးသော လူဆိုးဂိုဏ်းခေါင်းဆောင် ဂျင်မီဘာဘီကျူးချီရီဇီယာက ဆက် လက်တိုက်ခိုက်သွားမည်ဟု ပြောကြားထားသည်။                              

Ref: Reuters/AFP

Most Read

Most Recent