ယူကရိန်း၏ ဒရုန်း ၄၇ စင်းကို ဖျက်ဆီးခဲ့ကြောင်း ရုရှား ပြောကြား

ယူကရိန်း၏ ဒရုန်း ၄၇ စင်းကို ဖျက်ဆီးခဲ့ကြောင်း ရုရှား ပြောကြား
၂၀၂၃ ခုနှစ် မတ် ၅ ရက်က ယူကရိန်း၏ ဘက်မွတ်မြို့တွင် ဒရုန်းတစ်စင်းလွှတ်တင်နေသည့် ယူကရိန်းစစ်သားများကို တွေ့ရစဉ်
၂၀၂၃ ခုနှစ် မတ် ၅ ရက်က ယူကရိန်း၏ ဘက်မွတ်မြို့တွင် ဒရုန်းတစ်စင်းလွှတ်တင်နေသည့် ယူကရိန်းစစ်သားများကို တွေ့ရစဉ်
Published 10 March 2024

ယူကရိန်းနယ်စပ်ဒေသရှိ ရုရှား၏ ရော့စတော့ဗ်မြို့အပါအဝင် နိုင်ငံတောင်ပိုင်းဒေသများတွင် ယူကရိန်းဒရုန်း ၄၇ စင်းကို ဖျက်ဆီးခဲ့ကြောင်း ရုရှားက မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်းစစ်ပွဲ ၃ နှစ်ထဲ ဝင်ရောက်လာချိန်တွင် ယူကရိန်းသည် ရုရှားနိုင်ငံထဲသို့ ဒရုန်းများ ပုံမှန်လွှတ်တင်ပြီး တိုက်ခိုက်ခဲ့သည်။

“လေကြောင်းကာကွယ်ရေးစနစ်တွေဟာ ဘယ်ဂိုရော့ဒေသမှ ဒရုန်းတစ်စင်း၊ ကာ့စ်ဒေသမှာ ဒရုန်းနှစ်စင်း၊ ဗိုလ်ဂိုဂရက်ဒေသမှာ ဒရုန်းသုံးစင်းနဲ့ ရော့စ်တော့ဗ်ဒေသမှာ ဒရုန်း ၄၁ စင်းကို ကြားဖြတ်ထောက်လှမ်းပြီး ဖျက် ဆီးခဲ့ပါတယ်”ဟု ရုရှားစစ်တပ်က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

ရုရှားတောင်ပိုင်း ရော့စတော့ဗ်ဒေသသည် ယူကရိန်းတွင် စစ်ဆင်ရေး အစီအစဉ်များ ရေးဆွဲရန် ရုရှားစစ်တပ်အတွက် ဗဟိုချက်တစ်ခုုဖြစ်သည်။

ရော့စတော့ဗ်အုပ်ချုပ်ရေးမှူး ဗာစီလီဂိုလူဘက်ဗ်ကမူ ရုရှားတို့ သိမ်းပိုက်ထားသည့် ယူကရိန်း၏ နယ်မြေများအနီး အဇော့ပင်လယ်ပေါ်ရှိ တာဂန်ရော့မြိုကကို ဒရုန်းတစ်စင်း ထိမှန်ခဲ့ကြောင်း လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်သားတစ်ဦး ဒဏ်ရာရရှိသွားသော်လည်း သေဆုံးသူမရှိကြောင်း ၎င်းက ဆိုသည်။

ရုရှားစစ်တပ်နှင့် နီးစပ်သည့် လူမှုမီဒီယာ ချန်နယ်များတွင်မူ ယူကရိန်းသည် တာဂန်ရော့မြို့ရှိ လေယာဉ်စက်ရုံကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

“တာဂန်ရော့မြို့က Berirv လေယာဉ် ထုတ်လုပ်ရေးစက်ရုံ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပါတယ်”ဟု ရုရှားစစ်တပ်နှင့် ဆက်နွှယ်သည့် Rybar Telegram  ချန်နယ်က ဖော်ပြခဲ့သည်။

နောက်ထပ်ပစ်မှတ်တစ်ခုမှာ မိုရိုဇော့စ်ခ်မြို့ရှိ ရုရှားစစ်တပ်၏ လေတပ်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုချန်နယ်က ဖော်ပြခဲ့သည်။

ယူကရိန်းနယ်စပ်နှင့် ရုရှားမြောက်ပိုင်းတွင် တည်ရှိသည့် ကာ့စ်ဒေသမှ အာဏာပိုင်များကလည်း ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် ဆေးခန်းတစ်ခန်း ထိခိုက်ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်တလောတွင် ယူကရိန်းစစ်ပွဲအတွင်း ယူကရိန်းဘက်က စစ်သားအင်အား၊ လက်နက်ခဲယမ်းအင်အား လျော့နည်းလာသဖြင့် အနောက်နိုင်ငံများထံမှ ကူညီထောက်ပံ့မှုများကို ထပ်မံတောင်းဆိုနေရသည်။

ယူကရိန်းအတွက် ကူညီထောက်ပံ့မှုများ နှေးကွေးခြင်းမရှိစေရန်နှင့် စစ်ရေးအထောက်အပံ့များ အချိန်မီ ရောက်ရှိလာခြင်းသည် စစ်ပွဲကို ပိုမိုကျယ်ပြန့် မသွားအောင် ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာကက မတ် ၈ ရက်က အနောက်နိုင်ငံများကို ပြောကြားခဲ့ သည်။

“ယူကရိန်းအတွက် အကူအညီတွေကိုု နည်းနည်းချင်းစီပေးနေတဲ့ မဟာဗျူဟာက အလုပ်မဖြစ်တော့ပါဘူး။ အခုလိုမျိုးသာ ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့အားလုံးအတွက် အဆုံးသတ်လှမှာ မဟုတ်ပါဘူး” ဟု ကူလီဘာက လစ်သူယေးနီးယားနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်တွင် ပြောကြားခဲ့သည်။

ရုရှားကို အနိုင်တိုက်ခိုက်နိုင်ရန်အတွက် လက်နက်များနှင့် ခဲယမ်းများကို တားမြစ်ကန့်သတ်မှုများမရှိဘဲ အချိန်မီ ထောက်ပံ့ပေးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

“ဥရောပမှာ ငြိမ်းချမ်းရေးခေတ် အဆုံးသတ်သွားပြီဆိုတဲ့ အမှန်တရားသစ်ကို ကျွန်တော်တို့ လက်ခံရမှာပါ”ဟု ကူလီဘာက လစ်သူယေးနီးယား၊ လတ်ဗီးယား၊ အက်စတိုးနီးယားနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးများ နှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

                                              Ref:AFP

Most Read

Most Recent