အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များရှိရာ ဆီးရီးယားစစ်အခြေစိုက်စခန်းကို အီရတ်မှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်

အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များရှိရာ ဆီးရီးယားစစ်အခြေစိုက်စခန်းကို အီရတ်မှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်
Photo: AFP
Photo: AFP
Published 22 April 2024

အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များကို နေရာချထားပေးသော ဆီးရီး ယားအခြေစိုက်စခန်းတစ်ခုကို ဧပြီ ၂၁ ရက် ညပိုင်းတွင် အီရတ်မြောက်ပိုင်းမှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု အီရတ်လုံခြုံရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့တိုက်ခိုက်ခံရခြင်းကို တုံ့ပြန်သည့်အနေဖြင့် အီရတ်တပ်ဖွဲ့များသည်  မြောက်ပိုင်းနင်နဗာပြည်နယ်တွင် ရှာဖွေမှုစစ်ဆင်ရေးကြီးကို လုပ်ခဲ့ကြောင်း၊ တိုက်ခိုက်ရာတွင် အသုံးပြုသော မော်တော်ယာဉ်ကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် အီရတ်လုံခြုံရေးတပ်ဖွဲ့များက ဖော်ပြခဲ့သည်။

အစ္စရေးက အီရန်၏တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်ကိုဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်းတွင် ယခုတိုက်ခိုက်မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

တရားမဝင်သောလူစုက ဆီးရီးယားပိုင်နက်ထဲတွင်ရှိသော နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့များ၏ အခြေစိုက်စခန်းကို ည ၉ နာရီ ၅၀ မိနစ်တွင် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု အီရတ်လုံခြုံရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။

တိုက်ခိုက်ရာတွင် ပါဝင်ပတ်သက်နေသော မော်တော်ယာဉ်ကို လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ဆီးရီးယား အရှေ့မြောက်ပိုင်းရှိ ခါရက်အယ်လ်ဂျာ စစ်အခြေစိုက်စခန်းကို အီရတ်ပိုင်နက်ထဲမှ ဒုံးကျည်များဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့သည်ဟု စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် လူ့အခွင့်အရေးအတွက် ဆီးရီးယား စောင့်ကြည့်ရေးအဖွဲ့၏ဒါရိုက်တာ ရာမီအဗ္ဗဒယ်လ်ရာမန်ကပြောကြားခဲ့သည်။ အဆိုပါစစ်အခြေစိုက်စခန်းတွင် အမေရိကန်တပ်များကို ချထားသည်ဟု ဆိုသည်။

အီရတ်နိုင်ငံရှိ အစ္စလာမ်မစ်တော်လှန်းရေးအုပ်စုက တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်ဟု ၎င်းက စွပ်စွဲခဲ့သည်။ အဆိုပါ အုပ်စုသည် အီရန်ကျောထောက်နောက်ခံပြု အုပ်စုများ၏ လျော့တိလျော့ရဲ မဟာမိတ်အဖွဲ့ဖြစ်သည်ဟု ဆိုသည်။

အောက်တိုဘာလလယ်နှင့် ဖေဖော်ဝါရီလအစောပိုင်းတို့တွင် အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်မှုများ အများဆုံးလုပ်ဆောင်ခဲ့သည်ဟု အဆိုပါ အုပ်စုက ပြောကြားခဲ့သည်။

Ref: AFP                                                      

Most Read

Most Recent