ဂျပန်နှင့် မည်သည့်ဆွေးနွေးညှိနှိုင်းမှုကိုမဆို ငြင်းပယ်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်သူ ပြောကြား

ဂျပန်နှင့် မည်သည့်ဆွေးနွေးညှိနှိုင်းမှုကိုမဆို ငြင်းပယ်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်သူ ပြောကြား
၂၀၂၂ ခုနှစ် သြဂုတ် ၁၀ ရက်က ပြုံယမ်းမြို့တော်ရှိ အမျိုးသား အရေးပေါ် အခြေအနေ တားဆီးရေးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် ကင်ယိုဂျုံကို တွေ့ရစဉ်(Photo:AFP)
၂၀၂၂ ခုနှစ် သြဂုတ် ၁၀ ရက်က ပြုံယမ်းမြို့တော်ရှိ အမျိုးသား အရေးပေါ် အခြေအနေ တားဆီးရေးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် ကင်ယိုဂျုံကို တွေ့ရစဉ်(Photo:AFP)
Published 27 March 2024

မြောက်ကိုရီးယားအနေဖြင့် ဂျပန်နှင့် မည်သည့်ထိတွေ့ဆက်ဆံမှု သို့မဟုတ် ဆွေးနွေးညှိနှိုင်းမှုကိုမဆို ငြင်းပယ်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ၏ သြဇာကြီးမားသည့် ညီမဖြစ်သူ ကင်ယိုဂျုံ က မတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါသည် ၎င်း၏အစ်ကိုဖြစ်သူ ကင်ဂျုံအွန်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သည်ဟု ကင်ယိုဂျုံက ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယင်းကဲ့သို့ ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျပန်နှင့် မြောက်ကိုရီးယားအကြား ပြန်ပေးဆွဲမှုများ၊ မြောက်ကိုရီးယား၏ တားမြစ်ခံထားရသည့် လက်နက်စီမံကိန်းများအပါအဝင် နှစ်နိုင်ငံအကြား ဆက်ဆံရေးများသည်  သမိုင်းတစ်လျှောက် တင်းမာခဲ့သော်လည်း မကြာသေးမီက ကီရှီဒါသည် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်လိုသည့်ဆန္ဒကို ထုတ်ဖော် ပြသခဲ့ပြီး မြောက်ကိုရီးယားကလည်း ဆန့်ကျင်ပုံမပေါ်သည့် အရိပ်လက္ခဏာကို ပြသခဲ့သည်။

ပြီးခဲ့သည့်နှစ်က ကီရှီဒါသည် ၎င်းအနေ ဖြင့် မည်သည့်သတ်မှတ်ချက်မျှမပါဘဲ ကင်နှင့်တွေ့ဆုံရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီး ဂျပန်အနေဖြင့် ၁၉၇၀ ပြည့်နှစ်နှင့် ၁၉၈၀ ပြည့်နှစ်များက မြောက်ကိုရီးယားအေးဂျင့်များ ပြန်ပေးဆွဲခဲ့သည့် ဂျပန်နိုင်ငံသားများ၏ ဖြစ်စဉ်များအပါအဝင် ပြဿနာအားလုံး ကို ဖြေရှင်းလိုကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအစိုးရ၏ အဓိကပြောရေးဆိုခွင့်ရှိသူများထဲတွင် ပါဝင်သည့် ကင်ယိုဂျုံကမူ ကီရှီဒါသည် ကင်နှင့် အစည်းအဝေးပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း မတ် ၂၅ ရက်တွင် ပြောကြားခဲ့ပြီး ဂျပန်အနေဖြင့် မူဝါ ဒကို ပြောင်းလဲခြင်းမရှိပါက ထိုအစည်းအဝေးသည် ဖြစ်မြောက်လာနိုင်ခြေမရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

“ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံအစိုးရရဲ့ အထွတ်အထိပ် ခေါင်းဆောင်နဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံလိုတဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို ကီရှီဒါက ထုတ်ဖော် ပြောဆိုခဲ့တယ်”ဟု ကင်ယိုဂျုံက ပြောကြားခဲ့ ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

အနာဂတ်တွင် ဂျပန်ခေါင်းဆောင်အား မြောက်ကိုရီးယားသို့ လာရောက်ရန်ဖိတ်ကြားဖွယ်ရှိသည်ဟုလည်း ကင်ယိုဂျုံက ပြီးခဲ့သည့် လအတွင်း ပြောကြားခဲ့သည်။

သို့သော် ဂျပန်နိုင်ငံသားများ ပြန်ပေးဆွဲခံရသည့်ကိစ္စနှင့် မြောက်ကိုရီးယား၏ စစ်ရေးအစီအစဉ်များအပေါ် ထားရှိသည့် ဂျပန်၏ မူဝါဒများအပါအဝင် မြောက်ကိုရီးယား-ဂျပန် ဆက်ဆံရေးအသစ်များအတွက် ဂျပန်၏ တက်ကြွမှု အားနည်းနေမှုကို ရည်ညွှန်းပြီး မြောက်ကိုရီးယားအနေဖြင့် ဂျပန်နှင့် မည်သည့် ထိတွေ့ဆက်ဆံမှုကိုမဆို ငြင်းပယ်သွားမည်ဖြစ်ကြောင်း ကင်ယိုဂျုံက မတ် ၂၆ ရက်တွင် ထပ်မံပြောကြားခဲ့သည်။

“မြောက်ကိုရီးယားဟာ ဂျပန်ရဲ့ သဘောထားကို နောက်တစ်ကြိမ် ရှင်းလင်းစွာ နားလည်ခဲ့ရပါပြီ။ မြောက်ကိုရီးယားအနေနဲ့ ဂျပန်နဲ့ ဘယ်လိုဆက်ဆံမှုမျိုး၊ ဘယ်လိုဆွေးနွေးညှိနှိုင်းမှုမျိုးကိုမဆို ငြင်းပယ်သွားမှာပါ”ဟု ကင်ယိုဂျုံက ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။

“မြောက်ကိုရီးယား-ဂျပန် အစည်းအဝေးဟာ မြောက်ကိုရီးယားအတွက် အလေးထားစရာကိစ္စ မဟုတ်ပါဘူး”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ကီရှီဒါကလည်း ကင်ယိုဂျုံ၏ မှတ်ချက်စကားများနှင့်ပတ်သက်ပြီး မီဒီယာများ၏ သတင်းဖော်ပြချက်များကို သတိထားမိကြောင်း သို့သော် ထိုမှတ်ချက်တစ်ခုချင်းစီကို မှတ်ချက်ပြန်ပေးလိမ့်မည် မဟုတ်ကြောင်း  မတ် ၂၆ ရက်က ပြောကြားခဲ့သည်။

“ဂျပန်ဟာ လက်ရှိကျင့်သုံးနေတဲ့ မူဝါဒနဲ့အညီ မြောက်ကိုရီးယားနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အားထုတ်ကြိုးပမ်းမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု ကီရှီဒါက ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent