အီမရန်ခန်းကိုထောက်ခံသည့် အမတ်များက ကန့်ကွက်နေသည့်ကြားတွင် ပါကစ္စတန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ်ကို တင်မြှောက်

အီမရန်ခန်းကိုထောက်ခံသည့် အမတ်များက ကန့်ကွက်နေသည့်ကြားတွင် ပါကစ္စတန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ်ကို တင်မြှောက်
ပါကစ္စတန်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ် ဆာဒါးအာယက်ဇ်ဆာဒစ်(ယာ-ဒုတိယ) ကျမ်းသစ္စာကျိန်ဆိုနေစဉ် (Photo: AFP)
ပါကစ္စတန်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ် ဆာဒါးအာယက်ဇ်ဆာဒစ်(ယာ-ဒုတိယ) ကျမ်းသစ္စာကျိန်ဆိုနေစဉ် (Photo: AFP)
Published 2 March 2024

ထောင်ဒဏ်ကျခံနေရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းအား သစ္စာခံသည့်လွှတ်တော်အမတ်များ၏ ကန့်ကွက်မှုများရှိနေသော်လည်း ပါကစ္စတန်၏လွှတ်တော်အသစ်သည် မတ်လ ၁ ရက်က လွှတ်တော်ဥက္ကဋ္ဌသစ်ကို တင်မြှောက်ခဲ့သည်။

ဖေဖော်ဝါရီ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် မသမာမှုများ ပေါ်ပေါ်ထင်ထင် ဖြစ်ပွားခဲ့သည်ဟု ခန်းကိုသစ္စာခံသည့် လွှတ်တော်အမတ်များက အခိုင်အမာစွပ်စွဲ ထားသည်။     

စစ်တပ်ကျောထောက်နောက်ခံပြု ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်ပါတီ(PMLN)မှ ဆာဒါးအာယက်ဇ်ဆာဒစ်ကို ၎င်း၏ပါတီမှ လွှတ်တော်အမတ်များနှင့် မဟာမိတ်ပါတီများမှ အမတ်အနည်းငယ်က လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမတ်ဦးရေ ၃၃၆ ဦးရှိ ပါကစ္စတန် အမျိုးသားလွှတ်တော်ကို ဖေဖော်ဝါရီ ၂၉ ရက်က ကျင်းပခဲ့သည်။ ညွန့်ပေါင်းမဟာမိတ်ဖွဲ့ထားသည့် ပါ တီများသည် PML-N ပါတီမှ ရှာဘတ်ဇ်ရှရစ်ဖ်ကို မတ်လ ၃ ရက်တွင် ဝန်ကြီးချုပ်အဖြစ် အဆိုပြုသွားမည်ဖြစ်သည်။

လွှတ်တော်အမတ်များက ဆာဒစ်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ရန် ပြင်ဆင်နေစဉ် ယင်းမဲခွဲဆုံးဖြတ်မှုအား ရာထူးမှထွက်ခွာတော့မည့် လွှတ်တော်ဥက္ကဋ္ဌအား ကြီးကြပ်စေခြင်းကို ဝန်ကြီးချုပ် ဟောင်း အီမရန်ခန်း၏ Pakistan Tehreeke-Insaf(PTI)ပါတီ ကျောထောက်နောက်ခံပြု အမတ်များက ဒေါသတကြီး ဝေဖန်ခဲ့သည်။

“ကျူးကျော်လာသူတွေကမဲပေးမှုမှာ ဘာလို့ဝင်ပါနေတာပါလဲ။ အမှန်တကယ် အခွင့်အာဏာရှိတဲ့ အီမရန်ခန်းရဲ့ပါတီကို ဘာလို့ဘေးဖယ်ထားတာပါလဲ”ဟု PTI ပါတီမှ ဂါရင့်နိုင်ငံရေးသမားဖြစ်သူ အိုမာ အာယက်ခန်းက ပြောကြားခဲ့သည်။

PTI ပါတီဘက်မှ လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အဆိုပြုခံရသူမှာ ဆာဒစ်အား မဲအရေအတွက် ၁၉၉ မဲ-၉၁ မဲဖြင့် ရှုံးနိမ့်ခဲ့သည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲရလဒ်များထုတ်ပြန်ရန် အကြီးအကျယ်နှောင့်နှေးခဲ့ပြီး ရွေးကောက်ပွဲနေ့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည့် အခြေအနေတို့ကို ထောက်ရှု၍ ၎င်းတို့ အပြတ်အသတ်အနိုင်ရခြင်း မရှိစေရန် အကွက်ဆင်ထားခြင်းဖြစ်သည်ဟု PTI ပါတီက စွပ်စွဲထားသည်။

အပြီးသတ်မဲရလဒ်များထုတ်ပြန်ကြေညာရန် ကြန့်ကြာနေမှုကြောင့် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည့်အပေါ် ပါကစ္စတန် ယာယီဝန်ကြီးချုပ် အန်ဝါရူလ်-ဟက်-ကာကာက ကာကွယ်ပြောဆိုခဲ့သည်။ စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့့် ရင်ဆိုင်နေရစဉ် အာဏာပိုင်များသည် ဆန္ဒမဲအရေ အတွက် သန်း ၆၀ ကျော်ကို ရေတွက်ရန် ၃၆ နာရီသာ ကြာမြင့်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

လူကြိုက်များသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် အီမရန်ခန်းသည် ရွေးကောက်ပွဲမတိုင်မီတွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရကာ နိုင်ငံတော်သစ္စာဖောက်မှု၊ အဂတိလိုက်စားမှု၊ တရားမဝင်လက်ထပ်ထိမ်းမြားမှုတို့ဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။

PTI ပါတီသည်လည်း သြဇာကြီးစစ်တပ်အသိုင်းအဝိုင်းက အကွက်ချစီစဉ်ထားသည့် ဖမ်းဆီးအရေးယူမှုများနှင့် ဆင်ဆာဖြတ်တောက် ထိန်းချုပ်မှုများကို ရင်ဆိုင်ခဲ့ရသည်ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။ ပါတီ ဝင်များသည်လည်း ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရသည်။

PML-N ပါတီသည် ဝန်ကြီးချုပ်ဟောင်းဘီနာဇီယာဘူတို၏ မိသားစုက တည်ထောင်သည့် ပါကစ္စတန်ပြည်သူ့ပါတီနှင့် အခြားပါတီငယ်များနှင့် ညွန့်ပေါင်းဖွဲ့ခဲ့သည်။

Ref: AFP

Most Read

Most Recent