ဆာလောင်ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရသော ဂါဇာရှိ ဂျာဘာလီယာ ဒုက္ခသည်စခန်း

ဆာလောင်ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရသော ဂါဇာရှိ ဂျာဘာလီယာ ဒုက္ခသည်စခန်း
Published 3 March 2024

ဂါဇာမြောက်ပိုင်းရှိ ဂျာဘာလီယာ ဒုက္ခသည်စခန်းတွင် အဘူဂီဘရီလ်အမည်ရှိ အမျိုးသားသည် ၎င်း၏မိသားစု စားသောက်နိုင်ရန်အတွက် အစားအစာရရှိရန် အပူတပြင်းစိုးရိမ်လျက်ရှိပြီး ၎င်း၏မြင်းများမှ နှစ်ကောင်ကို သတ်ဖြတ်ခဲ့သည်။

“ကျွန်တော်တို့မှာ ကလေးတွေကို ကျွေးမွေးဖို့ မြင်းတွေကို သတ်ဖြတ်ရုံကလွဲပြီး အခြားရွေးချယ်စရာမရှိပါဘူး။ ငတ်မွတ်မှုက ကျွန်တော်တို့ကို ညှင်းဆဲနေပါတယ်” ဟု ၎င်းက အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့သည်။

ဟားမာ့စ်တို့က အစ္စရေးကို ထိုးဖောက်ဝင်ရောက်တိုက်ခိုက်သည့် အောက်တိုဘာ ၇ ရက်နေ့နောက် ပိုင်းစစ်ပွဲစတင်မဖြစ်ပွားမီအချိန်က ဂျာဘာလီယာသည် ပါလက်စတိုင်းနယ်မြေများတွင် အကြီးဆုံးဒုက္ခ သည်စခန်းဖြစ်ခဲ့သည်။

အသက် ၆၀ အရွယ် အဘူဂီဘရီလ်သည် ပဋိပက္ခဖြစ်ပွားချိန်တွင် အနီးအနားရှိ ဘိတ်ဟာနန်မြို့မှယင်း ဒုက္ခသည်စခန်းသို့ ထွက်ပြေးလာခဲ့သည်။လက်ရှိ ၎င်းနှင့် ၎င်းမိသားစုသည် ကုလသမဂ္ဂက စီစဉ်ပေးထားသော စာသင်ကျောင်းဟုခေါ်ဆိုသည့် နေရာအနီးရှိ တဲအိမ်တစ်လုံးတွင် နေထိုင်လျက်ရှိသည်။

စတုရန်းကီလိုမီတာ ၁ ဒသမ ၄ (မိုင်ဝက်ခန့်)မြေအကျယ်တွင် ၁၉၄၈ခုနှစ်က စတင်တည်ထောင်ခဲ့ သော လူဦးရေအလွန် သိပ်သည်းသည့် ထိုစခန်းတွင် ညစ်ညမ်းသော ရေ၊လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် လူဦးရေပြည့်ကြပ်မှုစသည့် ပြဿနာများနှင့် ရင်ဆိုင်နေခဲ့ရသည်။

အလုပ်လက်မဲ့မြင့်တက်မှုမှ ဆင်းရဲချို့တဲ့မှုသည် ၎င်း၏ လူဦးရေ ၁၀၀,၀၀၀ ကျော်အတွင်း ပြဿနာ တစ်ရပ်ဖြစ်နေသည်။

လက်ရှိတွင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အကူအညီပေးရေး အေဂျင်စီများပင် ယင်းဒေသသို့ရောက်ရှိ နိုင်မှုမရှိခြင်းနှင့်အတူ အစားအစာ ပြတ်လပ်နေပြီး ဖြတ်သန်းရန်ကြိုးပမ်းသည့် အကူအညီပေးရေးထရပ် ကားအနည်းငယ်စုသည် လုယက်တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

ကုလသမဂ္ဂအဖွဲ့က လူဦးရေ ၂ ဒသမ ၂ သန်းသည် ငတ်မွတ်မှု အန္တရာယ်နှင့် ကြုံတွေ့ဖွယ်ရှိနေသည်ဟု သတိပေးပြောကြားထားသော်လည်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ လွန်ခဲ့သည့် သီတင်းပတ်က ပြော ကြားချက်အရ ၎င်း၏အဖွဲ့သည် မကြုံစဖူးစိတ်ပျက်ဖွယ် အခြေအနေများကို အစီရင်ခံခဲ့သည်ဟု ဆိုသည်။

ဂျာဘာလီယာစခန်းမှ လေးမိုင်အကွာ ဂါဇာမြို့ရှိ ဆေးရုံတစ်ရုံတွင် အသက်နှစ်လအရွယ် ကလေးတစ်ဦးသည် အာဟာရချို့တဲမှုကြောင့် သေဆုံးခဲ့သည်ဟု ဟားမာ့စ်တို့အုပ်ချုပ်နေသည့် ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက် တွင် ပြောကြားခဲ့သည်။

စစ်ပွဲအတွင်း လူဦးရေ ၃၀,၀၀၀ နီးပါး သေဆုံးခဲ့သည်ဟု ဝန်ကြီးဌာနက ဆိုသည်။

ဒုက္ခသည်စခန်းတွင် ညစ်ပတ်နေသော ကလေးများသည် ပလက်စတစ်ဘူးများနှင့် စုတ်ပြတ်နေသော ဟင်းထည့်သည့်အိုးများကို ကိုင်ဆောင်လျက် အစားအစာအနည်းငယ်ရရှိနိုင်ရန် မျှော်လင့်စောင့်စား နေကြသည်။

ထောက်ပံ့မှုများ လျော့နည်းလာခြင်းနှင့်အတူ ကုန်ကျစရိတ်များလည်း မြင့်တက်လာသည်။ ဥပမာအနေဖြင့် ဆန်တစ်ကီလိုသည် ခုနစ်ရှီကယ်(၁ ဒသမ ၉ဝဒေါ်လာ)မှ ၅၅ ရှီကယ်အထိ စျေးနှုန်းမြင့်တက်ခဲ့သည်။

“ကျွန်တော်တို့လို လူကြီးတွေကတော့ ခံနိုင်ရည်ရှိနေပါသေးတယ်။ဒါပေမဲ့ အသက်လေးနှစ်နဲ့ ငါးနှစ်အရွယ် ဒီကလေးတွေကတော့ ဗိုက်ဆာဆာနဲ့ အိပ်စက်ပြီး ဗိုက်ဆာဆာနဲ့ပဲ နိုးထရအောင် သူတို့မှာဘာ အပြစ်ရှိလို့လဲ”ဟု အဘူကစိတ်တို ဒေါသဖြစ်လျက် ပြောကြားခဲ့သည်။

အစားအစာပြတ်လပ်မှု၊ အာဟာရချို့တဲ့မှုများမြင့်တက်လာမှုနှင့် ရောဂါများသည် ဂါဇာတွင်က လေးသူငယ်သေဆုံးမှုများကို မြင့်တက်လာစေနိုင်သည်ဟု UNICEF က သတိပေးခဲ့သည်။

ဂါဇာတွင် အသက်နှစ်နှစ်အရွယ်အောက် ကလေးခြောက်ဦးတွင် တစ်ဦးသည် ဆိုးရွားသော အာဟာရ ချို့တဲ့မှုကို ကြုံတွေ့နေရသည်ဟု ဖေဖော်ဝါရီ ၁၉ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသခံများသည် ကြီးထွားလာသော ဆာလောင်မှုဝေဒနာကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းမှုအဖြစ် စားသုံးရန် မသင့်တော်သော ပြောင်းဖူးပုတ်များ၊ တိရစ္ဆာန်အစားအစာများနှင့် အပင်များ၏အရွက်များကိုပင်စား သုံးနေကြသည်။

“အစားအစာ၊ ဂျုံမရှိသလို သောက်ရေလည်းမရှိပါဘူး”ဟု အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

“ကျွန်မတို့တွေ အိမ်နီးချင်းတွေဆီက ပိုက်ဆံစတင် တောင်းရမ်းနေရပါတယ်။အိမ်မှာ တစ်ရှီကယ် လောက်တောင်မရှိပါဘူး။ကျွန်မတို့တွေ အိမ်တံခါးတွေကို လိုက်ခေါက်ပြီး တောင်းရမ်းနေပေမယ့် ဘယ်သူမှ ပိုက်ဆံမပေးကြပါဘူး”ဟု ၎င်းက ဆိုသည်။

အစားအစာမရှိခြင်းနှင့်နောက် ဆက်တွဲဆိုးကျိုးများကြောင့် ဂျာဘာလီယာတွင် စိတ်တိုဒေါသထွက်မှု များမြင့်တက်လာသည်။ ဖေဖော်ဝါရီ ၂၃ ရက်က လူပေါင်းဒါဇင်ပါဝင်သော ကျပန်းဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

“သမီးတို့ လေကြောင်းတိုက်ခိုက်မှုနဲ့ မသေပေမယ့် ငတ်မွတ်မှုနဲ့ သေရပါတော့မယ်”ဟု ရေးသားထား သော ဆိုင်းဘုတ်တစ်ခုကို ကလေးတစ်ဦးက ကိုင်ထားခဲ့သည်။

                                                  Ref:AFP

Most Read

Most Recent