၂၀၁၉ ခုနှစ်က ဟောင်ကောင်ဥပဒေပြုလွှတ်တော် စီးနင်းခံရမှုနှင့်ပတ်သက်၍ အာဏာပိုင်များက လူ ၁၂ ဦးကို ထောင်ဒဏ်ချမှတ်

၂၀၁၉ ခုနှစ်က ဟောင်ကောင်ဥပဒေပြုလွှတ်တော် စီးနင်းခံရမှုနှင့်ပတ်သက်၍ အာဏာပိုင်များက လူ ၁၂ ဦးကို ထောင်ဒဏ်ချမှတ်
၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်က ဟောင်ကောင်ဥပဒေပြုကောင်စီ အဆောက်အအုံထဲသို့ စီးနင်းဝင်ရောက်ခဲ့သည့် ဆန္ဒပြသူများကို တွေ့ရစဉ်(Photo: AP)
၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်က ဟောင်ကောင်ဥပဒေပြုကောင်စီ အဆောက်အအုံထဲသို့ စီးနင်းဝင်ရောက်ခဲ့သည့် ဆန္ဒပြသူများကို တွေ့ရစဉ်(Photo: AP)
Published 16 March 2024

၂၀၁၉ ခုနှစ်က ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများအရှိန်မြင့်တက်နေခိုက် ဟောင်ကောင်ဥပဒေပြုလွှတ်တော် စီးနင်းခံရမှုနှင့်ပတ်သက်၍ ဟောင်ကောင်အာဏာပိုင်များက လူ ၁၂ ဦးကို ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းဆန္ဒပြမှုများသည် တရုတ်ကျောထောက်နောက်ခံပြု ဟောင်ကောင်အစိုးရအတွက် စိန်ခေါ်မှုဖြစ်စေခဲ့သည်။

ယင်းသည် ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်ကို အကြီးအကျယ် ဂယက်ရိုက်ခဲ့သည့် ဧရာမ ဆန္ဒပြပွဲကြီးများ၏ ကနဦးအဆင့်၌ အကြမ်းဖက်အဆန်ဆုံး ဖြစ်ရပ်တစ်ခုဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်ညပိုင်းက ရာနှင့်ချီသည့် ဆန္ဒပြသူများသည် လွှတ်တော်အဆောက်အအုံထဲသို့ ချိုးဖျက်ဝင်ရောက်ကာ ပြတင်းမှန်များကို ဖျက်ဆီးခြင်း၊ ဂရပ်ဖတီအရုပ်များ ရေးဆွဲခြင်းတို့ ပြုလုပ်ခဲ့သည်။ အဆိုပါနေ့သည် ဗြိတိန်က ဟောင်ကောင်ကို တရုတ်လက်သို့ ပြန်လွှဲပြောင်းပေးခဲ့သည့် ၂၂  နှစ်ပြည့် အထိမ်းအမှတ်နေ့ဖြစ်သည်။

ထို့နောက်တွင် စုစုပေါင်း လူ ၁၄ ဦးကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့်ဆူ ပူအုံကြွမှု၊ လွှတ်တော်အဆောက်အအုံထဲသို့ ဝင်ရောက်ဖျက်ဆီးမှုကဲ့သို့ အခြားပြစ်မှုများဖြင့် အာဏာပိုင်များက စွဲချက်တင်ခဲ့သည်။

၎င်းတို့အနက် ၁၂ ဦးကို ဆူပူအုံကြွမှုဖြင့် ပြစ်ဒဏ်စီရင်ခဲ့ပြီး ထောင်ဒဏ်ခြောက်နှစ်ခွဲနှင့် ခုနစ်နှစ်အကြား ပြစ်ဒဏ်ချမှတ်ခဲ့သည်။ သို့သော်အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုမှုအပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကို အနည်းငယ်လျှော့ပေါ့ပေးခဲ့သဖြင့် လက်တွေ့၌ ထောင်ဒဏ် ၅၄ လမှ ၈၂ လအထိသာ ကျခံရမည်ဖြစ်သည်။

ယင်း ၁၂ ဦးနှင့်အတူ စွဲချက်တင်ခံခဲ့ရသည့် သတင်းထောက်ဟောင်းနှစ်ဦးမှာမူ ဆူပူအုံကြွမှုဖြင့် ပြစ်ဒဏ်စီရင်ခံရခြင်း မရှိသော်လည်း ဥပဒေပြုကောင်စီ အစည်းအဝေးခန်းမထဲသို့ ဝင်ရောက်ခဲ့သည့်အတွက် ဒဏ်ငွေ ဟောင်ကောင်ဒေါ်လာ ၁,၅၀၀ ပေး ဆောင်ရန် ၎င်းတို့ကို အမိန့်ချခဲ့သည်။

လွှတ်တော်အဆောက်အအုံစီးနင်းခံရခြင်း၏ ကြီးလေးသော အဓိပ္ပာယ်နှင့်လူ့အဖွဲ့အစည်းအပေါ် ကာလရှည် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ လက်ထောက် ခရိုင်တရားသူကြီး လီချိဟိုက မတ်လ ၁၆ ရက်တွင် အ လေးအနက် ပြောကြားခဲ့သည်။

“လွှတ်တော်အဆောက်အအုံ အမှန်တကယ် ထိခိုက်ပျက်စီးမှုအပြင် ဟောင်ကောင်အစိုးရကို စိန်ခေါ်မှုဖြစ်ပြီး အစိုးရရဲ့အုပ်ချုပ်မှုယန္တရားကို ထိခိုက်စေတဲ့အတွက် ကြီးလေးတဲ့ သက်ရောက်မှုရှိနေတယ်” ဟု လီက ပြော ကြားသည်။

ဆန္ဒပြသူများသည် Basic Law ဟု လူသိများသည့် ဟောင်ကောင်ဖွဲ့စည်းပုံအခြေခံ ဥပဒေ မိတ္တူစာအုပ်များကို ဆွဲဆုတ်ခြင်းကဲ့သို့ စော်ကားရန်စသည့် လုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ရာဇဝတ်သားအဖြစ် သံသယရှိသူများကို တရုတ်ပြည်မသို့ လွှဲပြောင်းခွင့်ပြုမည့် ဟောင်ကောင်အစိုးရ၏ ဥပဒေကြမ်းနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်တွင် ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့သည်။ အာဏာပိုင်များသည် နောက် ပိုင်းတွင် ယင်းဥပဒေပြုရေး ကိစ္စရပ်များကို ပယ်ဖျက်ခဲ့သော်လည်း ဟောင်ကောင်တစ်ဝန်း ဆန္ဒပြလှုပ်ရှားမှုအဖြစ် တစ်မုဟုတ်ချင်းရောက်ရှိသွားပြီး အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်အမတ်များကို ရွေးချယ်ရာတွင် အားလုံး မဲပေးခွင့်ရရေး အပါအဝင် တောင်းဆိုဆန္ဒ ပြမှုများဖြစ်ပွားခဲ့သည်။ 

Ref: AFP

Most Read

Most Recent