ယူကရိန်း၏ ဒရုန်း ၃၈ စင်းကို လေကြောင်းကာကွယ်ရေးစနစ်ဖြင့် ပစ်ချခဲ့ကြောင်း ရုရှား ပြောကြား

ယူကရိန်း၏ ဒရုန်း ၃၈ စင်းကို လေကြောင်းကာကွယ်ရေးစနစ်ဖြင့် ပစ်ချခဲ့ကြောင်း ရုရှား ပြောကြား
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ဖီအိုဒိုစီယာဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ရုရှား၏ Ropucha ကမ်းတက်သင်္ဘောကို ဂြိုဟ်တုဓာတ်ပုံတွင် တွေ့ရစဉ်
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ဖီအိုဒိုစီယာဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ရုရှား၏ Ropucha ကမ်းတက်သင်္ဘောကို ဂြိုဟ်တုဓာတ်ပုံတွင် တွေ့ရစဉ်
Published 4 March 2024

မတ် ၃ ရက်အစောပိုင်းက ခရိုင်းမီးယားကျွန်းဆွယ်ပေါ်တွင် ယူကရိန်းက လွှတ်တင်ခဲ့သည့် ဒရုန်း ၃၈ စင်းစလုံးကို ရုရှား၏ လေကြောင်းကာကွယ်ရေးစနစ်များက ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ခရိုင်းမီးယားကျွန်းဆွယ်၏ ဖီအိုဒိုစီယာ ဆိပ်ကမ်းတွင် ပြင်းထန်သည့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ယူကရိန်းနှင့် ရုရှား၏ လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့ပြီးနောက် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးမှု သို့မဟုတ် သေဆုံး၊ဒဏ်ရာရမှုရှိ မရှိကိုမူ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ဖီအိုဒိုစီယာမြို့အနီးရှိ ယာဉ်လမ်းကြောင်းများကို တင်းကျပ်စွာ တားမြစ်ကန့်သတ်ထားကြောင်း ရုရှားက ခန့်အပ်ထားသည့် အရာရှိများက ပြောကြားခဲ့သည်။

ခရိုင်းမီးယားကျွန်းဆွယ်နှင့် ရုရှားနိုင်ငံအကြား ဆက်သွယ်ထားသည့် တံတားကိုလည်း နာရီအနည်းငယ်ကြာ ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့ပြီး နောက်ပိုင်းတွင် ပြန်ဖွင့်ပေးခါ်ခဲ့သည်ဟု ရုရှားကခန့်အပ်ထားသည့် အရာရှိများက Telegram တွင် ပြောကြားခဲ့သည်။

မတ် ၃ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် ဖီအိုဒိုစီယာဆိပ်ကမ်း၏ ရေနံသိုလှောင်ရုံများအနီးတွင် ပြင်းထန်သည့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက လူမှုမီဒီယာများတွင် ရေးသားဖော်ပြခဲ့သည်။

ထိုပေါက်ကွဲမှုသတင်းများနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာနက လွတ်လပ်စွာ အတည်မပြုနိုင်ဘဲ ယူကရိန်းအရာရှိများကလည်း ချက်ချင်း မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

၂၀၂၄ ခုနှစ်က ယူကရိန်းထံမှ ရုရှား သိမ်းပိုက်ခဲ့သည့် ခရိုင်းမီးယားကျွန်းဆွယ်နှင့် ပင်လက်နက်သည် နှစ်နှစ်ကျော်ကြာမြင့်လာသည့် စစ်ပွဲအတွင်း တိုက်ခိုက်မှုများပြင်းထန် စွာဖြစ်ပွားသည့် နေရာများဖြစ်သည်။

ယူကရိန်းက ထိုနေရာဒေသများရှိ ရုရှား ၏ စစ်ရေးပစ်မှတ်များကို လေကြောင်းနှင့် ရေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်တင်ခဲ့ပြီး စီဗက်စတိုပိုးလ်ဆိပ်ကမ်းရှိ သင်္ဘောများနှင့် ရေတပ်သင်္ဘောကျင်းများ ထိခိုက်ပျက်စီး ခဲ့သည်။

ရုရှားသည် ယူကရိန်းကို အဝေးမှ တိုက်ခိုက်မှုများပြုလုပ်ရန်အတွက် ပင်လယ်နက်ရှိ ၎င်း၏ စစ်သင်္ဘောအုပ်စုကို အသုံးပြုလျက်ရှိသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးကမူ ယူကရိန်းတပ်ဖွဲကများသည် ပင်လယ်နက်ရှိ ရုရှား၏ စစ်အင်အားကို လျော့ပါးစေရန် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အနောက်မဟာမိတ်နိုင်ငံများ၏ အကူအညီများ ပိုမိုရရှိမည်ဆိုပါက ရုရှားကို အနိုင်ယူတိုက်ခိုက်နိုင်မည်ဟုလည်း ဇယ်လန်စကီးက ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်ကမူ အနောက်အုပ်စုအနေဖြင့် ယူကရိန်းစစ်ပွဲကို အရှိန်မြင့်တက် လာအောင်လုပ်မည်ဆိုပါက နျူကလီးယား စစ်ပွဲအန္တရာယ်ရှိနိုင်ကြောင်း ဖေဖော်ဝါရီ ၂၉ ရက်က သတိပေးခဲ့သည်။

အမေရိကန်နှင့် အနောက်အုပ်စုခေါင်းဆောင်များကမူ ပူတင်၏ နျူကလီးယားခြိမ်းခြောက်မှုကို ဝေဖန်ရှုတ်ချခဲ့သည်။

“ဒါဟာ နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ နိုင်ငံရဲ့ခေါင်းဆောင်တစ်ဦး ပြောရမယ့်စကား မဟုတ်ပါဘူး”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်သရူးမေလာက ဖေဖော်ဝါရီ ၂၉ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးအတွက် အပြည်ပြည်ဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ကလည်း ပူတင်၏ ပြောစကားများကို ရှုတ်ချခဲ့သည်။           Ref:Reuters

Most Read

Most Recent