ယခုလအတွင်း မြောက်ကိုရီးယားစစ်သားများ တောင်ကိုရီးယားနှင့်နယ်စပ်ကို ဒုတိယအကြိမ် ဖြတ်ကျော်ဝင်ရောက်ခဲ့

ယခုလအတွင်း မြောက်ကိုရီးယားစစ်သားများ တောင်ကိုရီးယားနှင့်နယ်စပ်ကို ဒုတိယအကြိမ် ဖြတ်ကျော်ဝင်ရောက်ခဲ့
ကိုရီးယားနှစ်နိုင်ငံနယ်စပ်တွင် အလုပ်လုပ်နေသည့် မြောက်ကိုရီးယားစစ်သားများကို တောင်ကိုရီးယားဘက်ခြမ်းမှ မြင်တွေ့ရစဉ်(Photo:AFP)
ကိုရီးယားနှစ်နိုင်ငံနယ်စပ်တွင် အလုပ်လုပ်နေသည့် မြောက်ကိုရီးယားစစ်သားများကို တောင်ကိုရီးယားဘက်ခြမ်းမှ မြင်တွေ့ရစဉ်(Photo:AFP)
Published 18 June 2024

ဇွန် ၁၈ ရက်တွင် မြောက်ကိုရီးယားစစ်သား ဒါဇင်ပေါင်းများစွာက အခိုင်အမာခံစစ် ပြင်ထားသော နှစ်နိုင်ငံနယ်စပ်ကို ခေတ္တဖြတ်ကျော်ဝင်ရောက်ခဲ့ရာ တောင်ကိုရီးယားဘက်က သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် နောက်ကြောင်းပြန်လှည့်သွားသည်ဟု တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့် နယ်စပ်တွင် မြောက်ကိုရီးယားက အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေစဉ် သီတင်းနှစ်ပတ်အတွင်း ဒုတိယအကြိမ် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နယ်စပ်အနီး၌ မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် မြောက်ကိုရီးယားစစ်သား အများအပြား ဒဏ်ရာရခဲ့သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့(JCS)က ပြောကြားခဲ့သည်။ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး သိသိသာသာ ယိုယွင်းလာစဉ် မြောက်ကိုရီးယားက ယင်းနေရာတစ်ဝိုက်တွင် ချုံပင် များရှင်းလင်းရန်နှင့် မိုင်းခင်းရန် တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည်ဟု JCS က ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း မြောက်ကိုရီးယား စစ်သားများက နယ်စပ်ကို ခေတ္တဖြတ်ကျော်သည့်အတွက် တောင်ကိုရီးယားဘက်က သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ဇွန် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကို ငြိမ်းချမ်းရေးသဘောတူညီချက်ဖြင့် မဟုတ်ဘဲ စစ်ဆိုင်းစာချုပ်ဖြင့်သာ ပြေငြိမ်းခဲ့သည့်အတွက် လက်တွေ့သဘောအရ စစ်ဖြစ်နေဆဲ အခြေအနေ၌ပင် ရှိနေသေးသည့် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးသည် နှစ်အတန်ကြာအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။

မြောက်ကိုရီးယားသည် မြေမြှုပ်မိုင်းခင်းခြင်း၊ စစ်နည်းဗျူဟာအရ ဖောက်လုပ်ထားသော လမ်းများကို ပြုပြင်ခြင်းနှင့် တင့်ကားအတားအဆီးများ ဖြစ်ပုံရသည့် အရာများကို ဖြည့်တင်းကာ အခိုင်အမာ ခံစစ်ပြင်ဆင်နေ သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားသည်။

ဇွန် ၁၈ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်သည် ဇွန် ၉ ရက်ဖြစ်စဉ်နည်းတူ နယ်စပ်ကို မတော်တဆ ဖြတ်ကျော်မိခြင်းဖြစ်ဖွယ်သည်ဟု ယူဆကြောင်း JCS က ပြောကြားခဲ့ပြီး မြောက်ကိုရီး ယားစစ်သား ၂၀ ဦးမှ ၃၀ ဦးခန့်သည် လုပ်ငန်းခွင်သုံး ပစ္စည်းကိရိယာများ သယ်ဆောင်လာသည်ကို မြင်တွေ့ရသည်ဟု JCS က ဆိုသည်။

“မြောက်ကိုရီးယားစစ်သား ဒါဇင်ပေါင်းများစွာဟာ နယ်သတ်မျဉ်းကို ဖြတ်ကျော်ခဲ့ပြီး နောက် သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် မြောက်ဘက်ကို ပြန်ဆုတ်ခွာသွားတယ်”ဟု JCS တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခြင်းကြောင့် နယ်စပ်တွင် ခံစစ်ပြင်ရန် တာဝန်ပေးထားသည့် မြောက်ကိုရီးယားစစ်သား အများအပြား ထိခိုက်ဒဏ်ရာရခဲ့သော်လည်း မဆင်မခြင် လုပ်ဆောင်မှုများကိုဆက် လက်လုပ်ဆောင်နေသည်ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

“မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေဟာ မြောက်ကိုရီးယားစစ်သားတွေနဲ့ အရပ်သားတွေ တောင်ကိုရီးယား ဘက်ကို ဘက်ပြောင်းခိုလှုံနိုင်ခြင်းမရှိအောင် ပြည်တွင်းမှာ ထိန်းချုပ်ပိတ်ပင်မှု အခိုင်အမာလုပ်ဆောင်နေတဲ့ အစီအမံတစ်ခုဖြစ်ပုံရတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး နွေးထွေးခဲ့စဉ်က စစ်ရေးတင်းမာမှုများကို လျှော့ချရန် နယ်စပ်တစ်လျှောက်ရှိ နေရာအချို့တွင် မြေမြှုပ်မိုင်းများကို ပြန်လည်ဖယ်ရှားခဲ့သည်။

မြောက်ကိုရီးယားက အမှိုက်များထည့်ထားသည့် မိုးပျံပူဖောင်းများအား တောင်ကိုရီးယားဘက်သို့ ပစ်လွှတ်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားနှင့် စစ်ရေးသဘောတူညီချက်ကို အလုံးစုံရပ်ဆိုင်းကြောင်း တောင်ကိုရီးယားက ကြေညာခဲ့ပြီး နယ်စပ်တစ်လျှောက်တွင် အသံချဲ့စက်များဖြင့် ၀ါဒဖြန့်မှုများ ပြန်လုပ်ဆောင်ခဲ့သည်။

Ref:AFP

Most Read

Most Recent