ချီလီနိုင်ငံ၌ မိုးများပြီး ရေကြီးမှုများဖြစ်ပွားနေသည့် တောင်ပိုင်းနှင့် အလယ်ပိုင်းတို့ရှိ ဒေသငါးခုကို အာဏာပိုင်များက အရေးပေါ်ကပ်ဘေးအခြေအနေ ကြေညာ

ချီလီနိုင်ငံ၌ မိုးများပြီး ရေကြီးမှုများဖြစ်ပွားနေသည့် တောင်ပိုင်းနှင့် အလယ်ပိုင်းတို့ရှိ ဒေသငါးခုကို အာဏာပိုင်များက အရေးပေါ်ကပ်ဘေးအခြေအနေ ကြေညာ
ချီလီနိုင်ငံ ဘီယိုဘီယိုဒေသ၌ မိုးများခဲ့ပြီးနောက် ပီချီလိုမြစ်ကို ဇွန် ၁၃ ရက်တွင်ကောင်းကင်မှ ရိုက်ထားသောပုံ၌ တွေ့ရစဉ်(Photo:AFP)
ချီလီနိုင်ငံ ဘီယိုဘီယိုဒေသ၌ မိုးများခဲ့ပြီးနောက် ပီချီလိုမြစ်ကို ဇွန် ၁၃ ရက်တွင်ကောင်းကင်မှ ရိုက်ထားသောပုံ၌ တွေ့ရစဉ်(Photo:AFP)
Published 15 June 2024

ဇွန် ၁၃ ရက်တွင် ချီလီနိုင်ငံ၏တောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် မိုးသည်းထန်ခဲ့ခြင်းကြောင့် လူတစ်ဦးသေဆုံး သွားခဲ့ပြီး နေအိမ်ရာချီပျက်စီးသွားခဲ့ရာ အာဏာပိုင်များက နိုင်ငံ၏ဒေသငါးခု၌ အရေးပေါ်ကပ်ဘေးကို ကြေညာခဲ့သည်။

နာရီပေါင်းများစွာ မိုးရွာနေခဲ့ပြီး လေပြင်းများတိုက်ခဲ့ပြီးနောက် ဓာတ်တိုင်လဲကျသဖြင့် တောင်ပိုင်းမြို့ လိုင်နာရက်စ်တွင် လူတစ်ဦးသေဆုံးသွားခဲ့သည်ဟု ဆီနာပရက် ဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ကပြော ကြားခဲ့သည်။

“ဒီအပူနဲ့အအေး လေဆိုင်ဆုံမှုရဲ့ အဆိုးရွားဆုံးအနေအထားဟာ ကျွန်မတို့ရဲ့အနောက်မှာ ကျန်ရစ်ခဲ့ပြီ ဖြစ်ပေမယ့်လည်း  ကျွန်မတို့ သတိမပြုဘဲနေလို့ မရနိုင်ပါဘူး֨”ဟု နောက်ဆုံးထုတ်ပြန်ချက်တွင် ပြည်ထဲ ရေးဝန်ကြီး ကာရိုလီနာတိုဟာက ဖော်ပြထားသည်။

ဇွန် ၁၃ ရက် စောစောပိုင်းတွင် ချီလီမိုးလေဝသဌာနက နိုင်ငံ၏ဒေသ ၁၆ ခုထဲက ဒေသခြောက်ခုတွင် ထိုင်သောလူသန်း ၂၀ ဝန်းကျင်ထဲက လူ ၁၄ သန်းကို လွှမ်းခြုံသော အမြင့်ဆုံးသတိပေးချက်ကို ထုတ်ပြန်ခဲ့သည်ဆိုသော်လည်း မိုးလေထန်မှု၏ ၈၀ ရာခိုင်နှုန်းသည် ဖြတ်ကျော်ပြီးသွားပြီဖြစ်ကာ အိမ်နီးချင်း အာဂျင်တီးနားကို ဦးတည်သွားပြီဖြစ်၍ နောက်ပိုင်းတွင် အာဏာပိုင်များက အမြင့်ဆုံး သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။

ရေကြီးမှုများ မဖြစ်ပွားမီ ချီလီအလယ်ပိုင်းဒေသသည် ပြင်းထန်သည့် မိုးခေါင်မှုကို ၁၅ နှစ်ကြာ ရင်ဆိုင်ခဲ့ရသည်။

“လူတွေကို ကယ်ထုတ်ဖို့ ကျွန်တော်တို့ဟာ လှေတွေလိုပါတယ်”ဟု ရေကြီးနေသော မြို့ဖြစ်သည့် ကူရန်နီလာဟူးမှ ဒေသခံက အမျိုးသားရုပ်သံကို ပြောကြားခဲ့သည်။

မြို့တော် ဆန်တီယာဂို၏တောင်ဘက် ၃၇၂ မိုင်(ကီလိုမီတာ ၆၀၀) ခန့်ဝေးသော ကူရန်နီလာဟူးမြို့သည်  မိုးရေချိန် ၂၀၂၃ ခုနှစ်တစ်နှစ်လုံးတွင် ရွာသောပမာဏထက် ကျော်လွန်ပြီး နာရီပိုင်းအတွင်း မိုးရေချိန် ၁၃ ဒသမ ၇ လက်မ (၃၅၀ မီလီမီတာ) ရရှိခဲ့သောကြောင့် ကူရာနီလာဟူးမြစ်နှင့် လက်စ်ရာနက်စ်မြစ်တို့ ရေလျှံခဲ့သည်။ ထို့ကြောင့် ထိုမြို့သည် ရေကြီးမှုဒဏ် အဆိုးရွားဆုံးခံရသော မြို့ဖြစ်သည်။ ယင်းဧရိယာရှိ နေအိမ် ၂,၀၀၀ ခန့်သည် ပျက်စီးခဲ့သည်။

မိုးသည် အလွန်အားကောင်းစွာ ဆက်လက်ရွာနေသည်ဟု နိုင်ငံတော်ခရီးစဉ်အဖြစ် ဆွီဒင်ကိုရောက်နေသော သမ္မတ ဂါဘရီရယ်ဘော်ရစ်က သတိပေးပြောကြားခဲ့ပြီး ပထမဆုံးလူသေဆုံးမှု ဖြစ်ပေါ်ခဲ့သည်ဟုလည်း ကြေညာခဲ့သည်။

ရေကြီးနေသော ဒေသများသို့သွားမည့် လေယာဉ်ပေါ်ကိုမတက်မီ ဇွန် ၁၃ ရက် စောစောပိုင်းတွင် တိုဟာက အရေးပေါ် ကပ်ဘေးကို ကြေညာခဲ့သည်။ လူအင်အား အရင်းအမြစ်များကို ချထားရာတွင် မြန်ဆန်စေရန် ဒေသငါးခုတွင် အရေးပေါ်ကြေညာခဲ့ခြင်းဖြစ်သည်ဟု တိုဟာက ပြောကြားခဲ့သည်။

မိုးသည်းထန်မှုကြောင့် လူ ၃,၃၀၀ ထိခိုက်ခဲ့သည်ဟု ဆီနာပရက်က ပြောကြားခဲ့သည်။ ထိခိုက်သူ အရေအတွက်ကို စောစောပိုင်းတွင် ခန့်မှန်းရာ၌ လူ ၄,၃၀၀ ဟုဖော်ပြခဲ့သည်။

မြို့တော် ဆန်တီယာဂိုတွင်လည်း မိုးများနေသဖြင့် စာသင်ကျောင်းများကို တစ်ရက်ပိတ်ထားခဲ့သည်။  ဗီနာဒဲလ်မားမြို့တွင် မိုးရေများကြောင့် ၁၂ ထပ်တိုက်၏အောက်ခြေ၌ မြေချိုင့်ကြီးဖြစ်သွားခဲ့သည်။ အန္တရာယ်ရှိ နေသည့် ယင်းတိုက်ကြီးမပြိုအောင် ဆောင်ရွက်နေသည်ဟု သိရသည်။         

Ref:AFP