ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဘုရင်စနစ်ကို ဝေဖန်စော်ကားမှုဖြင့် စွဲချက်တင်ခံရသော်လည်း အာမခံရရှိ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဘုရင်စနစ်ကို ဝေဖန်စော်ကားမှုဖြင့် စွဲချက်တင်ခံရသော်လည်း အာမခံရရှိ
၂၀၂၃ ခုနှစ် သြဂုတ် ၂၂ ရက်က ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်တွင် ၎င်းင်းအားထောက်ခံသူများကို နှုတ်ဆက်နေသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို တွေ့ရစဉ်(Photo:AFP)
၂၀၂၃ ခုနှစ် သြဂုတ် ၂၂ ရက်က ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်တွင် ၎င်းင်းအားထောက်ခံသူများကို နှုတ်ဆက်နေသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို တွေ့ရစဉ်(Photo:AFP)
Published 18 June 2024

၂၀၁၅ ခုနှစ်က အင်တာဗျူးတစ်ခုတွင် ပြောဆိုခဲ့သည့် မှတ်ချက်စကားကြောင့် သြဇာကြီးမားသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ဘုရင်စနစ်ကို ဝေဖန်စော်ကားမှုဖြင့် တရားဝင်စွဲချက်တင် ခံရသော်လည်း တရားရုံးက ၎င်းအား အာမခံပေးခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ ၎င်းအနေဖြင့် ရုံးတင်မစစ်ဆေးမီ ဖမ်းဆီးထိန်းသိမ်းခံရမည့်အရေးမှ ရှောင်လွှဲနိုင်ခဲ့သည်။

ထိုင်းအစိုးရရှေ့နေချုပ်က ဘီလျံနာဝန်ကြီးချုပ်ဟောင်း သက်ဆင်အား တော်ဝင်အသရေဖျက်မှု ဥပဒေဖြင့် တရားဝင်စွဲချက်တင်ပြီး မကြာမီတွင် သက်ဆင်က ထိုင်းရာဇဝတ်တရားရုံးတွင် အာမခံလျှောက်ထားခဲ့သည်။

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံး တော်ဝင်အသရေဖျက်မှု ဥပဒေများကို ပြဋ္ဌာန်းကာ ဘုရင်မဟာဝဇီရာလောင်ကွန်း နှင့် တော်ဝင်မိသားစုကို အကာအကွယ်ပေးထားပြီး ယင်းဥပဒေအရ စွဲချက်တစ်ခုအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။

၂၀၁၅ ခုနှစ်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မီဒီယာများကို ပြောကြားခဲ့သည့် မှတ်ချက်စကားအတွက် တော်ဝင်အသရေဖျက်မှု ဥပဒေဖြင့် စွဲချက်တင်ခံရခြင်းဖြစ်သည်။ သက်ဆင်သည် ထောင်ဒဏ်ငါးနှစ်အထိ ကျခံရနိုင်သော ဆိုက်ဘာရာဇဝတ်မှု အက်ဥပဒေဖြင့်လည်း တရားစွဲဆိုခံထားရသည်။ သက်ဆင်ကမူ ယင်းစွဲချက်များကို ငြင်းပယ်ထားသည်။

“ရုံးတော်က သက်ဆင်ကို အာမခံငွေ ဘတ်ငါးသိန်းနဲ့ အာမခံပေးခဲ့ပြီး သူဟာ ခွင့်ပြုချက်မရှိဘဲ ပြည်ပကို ထွက်ခွာနိုင်မှာမဟုတ်ပါဘူး”ဟု တရားရုံးက ထုတ်ပြန်ခဲ့သည်။

ရဲအရာရှိဟောင်းတစ်ဦးအဖြစ်မှ ဆက်သွယ်ရေးလုပ်ငန်း နယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီး ထို့နောက်တွင် နိုင်ငံရေးလောကထဲသို့ ရောက်လာသူဖြစ်သည့် သက်ဆင်သည် ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တာဝန်ယူခဲ့ပြီး၂၀၀၆ ခုနှစ်အာဏာသိမ်းမှုတွင် ရာထူးမှ ဖြုတ်ချခံရပြီးနောက် ပြည်ပတွင် ၁၅ နှစ်ကြာတိမ်းရှောင်ခဲ့သည်။ သူသည် ယမန်နှစ် သြဂုတ်လတွင် ထိုင်းသို့ပြန်လည် ရောက်ရှိလာခဲ့သည်။

 သက်ဆင်၏အမှုသည် ဇွန် ၁၈ ရက်တွင် ကြားနာစစ်ဆေးမည့် အထင်ကရ နိုင်ငံရေးပုဂ္ဂိုလ်များ ပါဝင်နေသည့် အမှုအခင်းလေးခုအနက် ပထမဆုံးအမှုဖြစ်သည်။ ယင်းအမှု အခင်းများသည် အရှေ့တောင်အာရှ၏ ဒုတိ ယစီးပွားရေး အင်အားအကြီးဆုံး ထိုင်းနိုင်ငံကို မရေရာမှုများ ဖြစ်ပေါ်စေသည့် ကာလတစ်ခုဆီသို့ ထပ်မံတွန်းပို့ခဲ့သည်။

လက်ရှိဝန်ကြီးချုပ် ဆရက်ထာထာဝီ ဆင်းအား ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ကျဖူးသည့် ပုဂ္ဂိုလ်တစ်ဦးကို အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ခန့်အပ်ကာ ဥပဒေချိုးဖောက်ခဲ့သည့်အတွက် ရာထူးမှဖယ်ရှားရန်  ထိုင်းအထက်လွှတ်တော်အမတ် ၄၀ ဦး၏ တိုက်တွန်းပန်ကြားမှုကို ဖွဲ့စည်းပုံခုံရုံးက ကြားနာစစ်ဆေးမည်ဖြစ် သည်။

ထို့ပြင် လူကြိုက်များသော အတိုက်အခံပါတီဖြစ်သည့် Move Forward ပါတီသည်လည်း တော်ဝင်အသရေ ဖျက်မှု ဥပဒေကိုပြင်ဆင်မည်ဟု မဲဆွယ်စည်းရုံးစဉ်က ကတိပြုခဲ့သည့်အတွက် ၎င်းပါတီအား ဖျက်သိမ်းရန် ရွေးကောက်ပွဲကော်မရှင်က တိုင်ကြားထားသည့် အမှုကိုလည်း ဖွဲ့စည်းပုံခုံရုံးက ကြားနာစစ်ဆေးမည် ဖြစ်သည်။ ဖွဲ့စည်းပုံခုံရုံးသည် ယင်းအမှုများကို ထပ်မံကြားနာမည့်ရက် သို့မဟုတ် စီရင်ချက်ချမည့်ရက်ကို မကြာမီ ကြေညာဖွယ်ရှိသည်။              

Ref:Reuters

Most Read

Most Recent