ထိုင်ဝမ်သမ္မတ၏ ကျမ်းသစ္စာကျိန်ဆိုပွဲမိန့်ခွန်းကို တုံ့ပြန်သွားမည်ဟု တရုတ် သတိပေး

ထိုင်ဝမ်သမ္မတ၏ ကျမ်းသစ္စာကျိန်ဆိုပွဲမိန့်ခွန်းကို တုံ့ပြန်သွားမည်ဟု တရုတ် သတိပေး
မေ ၂၀ ရက်က ကျမ်းသစ္စာကျိန်ဆိုပွဲတွင် မိန့်ခွန်းပြောကြားနေသည့် ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်ကို တွေ့ရစဉ်(Photo:AFP)
မေ ၂၀ ရက်က ကျမ်းသစ္စာကျိန်ဆိုပွဲတွင် မိန့်ခွန်းပြောကြားနေသည့် ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်ကို တွေ့ရစဉ်(Photo:AFP)
Published 23 May 2024

ထိုင်ဝမ်တွင် သမ္မတသစ် လိုင်ချင်တယ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကို တုံ့ပြန်သွားမည်ဟု တရုတ်က မေ ၂၁ ရက်တွင် သတိပေးခဲ့သည်။

လိုင်သည် ထိုင်ဝမ်လွတ်လပ်ရေးအကြောင်းကို ဖွင့်ဟပြောဆိုခဲ့ကြောင်း  တရုတ်အစိုးရက ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

အစောပိုင်းက တရုတ်သည် လိုင်၏ ကျမ်းသစ္စာကျိန်ဆိုမှုကို ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ ပြောကြားချက်နှင့်ပတ်သက်ပြီး အမေရိကန်ကို စောဒကတက်ခဲ့ သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာပါက အင်အား သုံးသိမ်ယူသွားမည်ဟု ကြေညာခဲ့သည်။

ထို့ပြင် မေ ၂၀ ရက်က ထိုင်ဝမ်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့်လိုင်ကို အန္တရာယ်များသည့် ခွဲထွက်ဝါဒီတစ်ဦးအဖြစ် တရုတ်က တံဆိပ်ကပ်ခဲ့သည်။

မေ ၂၀ ရက်က ပြောကြားခဲ့သည့် လိုင်၏ မိန့်ခွန်းတွင် ထိုင်ဝမ်၏ ဒီမိုကရေစီသည် ကောင်းမြတ်သည့် ခေတ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဒီမိုကရေစီကို ပြတ်သားစွာ ကာကွယ်ရန်အတွက် ပြည်ပအင်အားစုများ၏  စိုးမိုး ခြယ်လှယ်မှုကို ငြင်းဆိုခဲ့သည့် ထိုင်ဝမ်လူထုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“မနေ့က မိန့်ခွန်းဟာ ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကို အသေအချာ ဖွင့်ဟပြောဆိုတယ်လို့ ယူဆနိုင်ပါတယ်”ဟု တရုတ်၏ ထိုင်ဝမ်ရေးရာရုံးက မေ ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တရုတ်အနေဖြင့် လွတ်လပ်ရေးအတွက် ရန်လိုမှုများကိုပြုလုပ်ရန် ပြည်ပအင်အားစုများနှင့်ပူးပေါင်း ဆောင်ရွက်နေသည့် ထိုင်ဝမ်၏ အာဏာရပါတီ DPP အာဏာပိုင်များကို အပြစ်ပေးပြီး တန်ပြန်အစီအစဉ်များ လုပ်ဆောင်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုထုတ်ပြန်ချက်တွင် မည်သည့် တုံ့ပြန်ရေး အစီအစဉ်များကို လုပ်ဆောင်သွားမည်ဆိုခြင်းကို အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိပေ။

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ်များနှင့် ရေတပ်သင်္ဘောများကို နေ့စဉ်နီးပါး တွေ့ရလေ့ရှိသည်။

“သူ (လိုင်ချင်တယ်) ဘာတွေကို ဘယ်လိုပဲ ပြောနေပါစေ။ ထိုင်ဝမ်ဟာ တရုတ်ရဲ့ အစိတ်အပိုင်းဖြစ်တယ် ဆိုတဲ့အချက်ကို ပြောင်းလဲစေမှာမဟုတ်ပါဘူး။ အမိမြေနဲ့ လုံးဝပြန်လည်ပေါင်းစည်းရမယ်ဆိုတာကို နား လည်ရမှာဖြစ်ပါတယ်”ဟု တရုတ်၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ချန်ပင်ဟွာက ပြောကြားခဲ့သည်။

မေ ၂၁ ရက်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထိုင်ဝမ်ခွဲထွက်ရေးဝါဒီများသည် သမိုင်းတွင် အရှက်ရမည့်လူများဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

သမ္မတဟောင်း ဆိုင်အင်းဝမ်ကဲ့သို့ပင် သမ္မတသစ် လိုင်ချင်းတယ်ကလည်း ထိုင်ဝမ်သည် တရုတ်၏ အချုပ်အခြာအာဏာပိုင်ဖြစ်သည်ဟူသော ပြောဆိုချက်ကို ပယ်ချထားပြီး ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်ပြည်သူများသာလျှင် ဆုံးဖြတ်ခွင့်ရှိသည်ဟု ခံယူထားသည်။

၎င်း၏အစိုးရအနေဖြင့် အလျှော့ပေးခြင်း သို့မဟုတ် ရန်စခြင်းတို့ကို လုပ်ဆောင်မည်မဟုတ်ဘဲ ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ကာ တရားဝင်လွတ်လပ်ရေး ကြေညာခြင်းမရှိသည့် ရှိရင်းစွဲ အခြေအနေကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ကြောင်း လိုင်က မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

လိုင်သည် တရုတ်နှင့် အဆင့်မြင့် ဆက်ဆံမှုများ ပြန်လည်စတင်ရန် ကမ်းလှမ်းမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဆိုင်အင်းဝမ် သမ္မတဖြစ်လာပြီးနောက် တရုတ်က ထိုင်ဝမ်နှင့် အဆင့်မြင့်ဆက်ဆံမှုများကို ဖြတ်တောက်ခဲ့သည်။

                                                Ref:AFP

Most Read

Most Recent