ဂါဇာရှိ နူဆေးရတ်တွင် ကုလသမဂ္ဂဖွင့်ထားသော စာသင်ကျောင်းကို အစ္စရေးတိုက်ခိုက်ခြင်းကြောင့် အနည်းဆုံး လူ ၃၇ ဦး သေဆုံး

ဂါဇာရှိ နူဆေးရတ်တွင် ကုလသမဂ္ဂဖွင့်ထားသော စာသင်ကျောင်းကို အစ္စရေးတိုက်ခိုက်ခြင်းကြောင့် အနည်းဆုံး လူ ၃၇ ဦး သေဆုံး
နူဆေးရတ်၌ ကုလသမဂ္ဂဖွင့်ထားသော စာသင်ကျောင်းကို အစ္စရေးတိုက်ခိုက်ခဲ့ပြီးနောက် ပျက်စီးမှုများကို ပါလက်စတိုင်းသားများ ဝင်ရောက်ကြည့်ရှုနေပုံကို ဇွန် ၆ ရက်တွင်တွေ့ရစဉ်(Photo: AFP)
နူဆေးရတ်၌ ကုလသမဂ္ဂဖွင့်ထားသော စာသင်ကျောင်းကို အစ္စရေးတိုက်ခိုက်ခဲ့ပြီးနောက် ပျက်စီးမှုများကို ပါလက်စတိုင်းသားများ ဝင်ရောက်ကြည့်ရှုနေပုံကို ဇွန် ၆ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 7 June 2024

ကုလသမဂ္ဂက ဖွင့်ထားသော စာသင်ကျောင်းကို ဇွန် ၆ ရက်တွင် အစ္စရေးတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၃၇ ဦးသေဆုံးသွားခဲ့သည်ဟု ဂါဇာဆေးရုံတစ်ရုံက ပြောကြားခဲ့သည်။

စာသင်ကျောင်းတိုက်ခိုက်ခံရသဖြင့် လူသေဆုံးမှုများရှိခဲ့သည်ဟု ဂါဇာဆေးရုံက ပြောသော စာသင်ကျောင်းသည် ဟားမာ့စ်ခြံဝင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။

အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို ဟားမာ့စ်၏တိုက်ခိုက်မှုကြောင့်ဖြစ်ပွားသော ဂါဇာစစ်ပွဲရှစ်လပြည့်ရန် တစ်ရက်အလိုတွင် အမေရိကန်၊ ကာတာ၊ အီဂျစ်တို့ကကိုယ်စားလှယ်များက အပစ်အခတ်ရပ်စဲရေးနှင့် ဖမ်း ဆီးခံထားရသော ဓားစာခံများလွတ်မြောက်ရေးတို့အတွက် ဆွေးနွေးပွဲများကိုပြန်လည်လုပ်ဆောင်ခဲ့ပြီးနောက် ကုလသမဂ္ဂကဖွင့်ထားသော စာသင်ကျောင်းတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဂါဇာအလယ်ပိုင်း နူဆေးရတ်အရပ်၌ရှိသော UNRWA စာသင်ကျောင်းထဲတွင်ရှိသော ဟားမာ့စ်ခြံဝင်းကို တိတိကျကျပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သွေးကြွ အချို့သေဆုံးသွားခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ဂျက်တိုက်လေယာဉ်သည် အစ္စလာမ်မစ်ဂျီဟတ်နှင့်ဟားမာ့စ်တိုက်ခိုက်ရေးသမား ၃၀ ခန့်ပုန်းနေသော စာသင်ခန်းသုံးခန်းကို တိုက်ခိုက်သည့်အခါ တိုက်ခိုက်ရေးသမား ကိုးဦးသေဆုံးသွားခဲ့သည်ဟု အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒန်နီရယ်ဟာဂါရီက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ အစ္စရေးအနေဖြင့် ပွင့်လင်းမြင်သာမှုအပြည့်အဝရှိအောင် ဆောင်ရွက်ရန် အမေရိကန်ပြည်ထောင်စုက တောင်းဆိုထားသည်။

“အစ္စရေးအစိုးရကတော့ အခုတိုက်ခိုက်မှုနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေ ထပ်မံထုတ်ပြန်ပေးမယ်လို့ပြောပါတယ်။ တိုက်ခိုက်ရာမှာ သေဆုံးသွားသူတွေရဲ့အမည်တွေကိုပါ ထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်။ အဲဒီကိစ္စကို အများသိအောင် ထုတ်ပြန်ပေးတဲ့အခါ သူတို့ဟာ ပွင့်လင်းမြင်သာမှုအပြည့်အဝရှိအောင်ဆောင်ရွက်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”ဟု အ မေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မတ်သရူးမေလာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် အရပ်သားပြည်သူများပေးဆပ်နေရသည့် ကြောက်မက်ဖွယ်တန်ဖိုး၏နမူနာဖြစ်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့သည်။

“ဂါဇာမှာဖြစ်ပျက်ခဲ့တာတွေအားလုံးအတွက် တာဝန်ခံမှုရှိဖို့ လိုအပ်ပါလိမ့်မယ်”ဟု ၎င်း၏ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စတီဖိန်းဒူဂျာရစ်က ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို သီးခြားလွတ်လပ်စွာစုံစမ်းစစ်ဆေးပေးရန် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရယ်က တောင်းဆိုထားသည်။

ဂါဇာရှိဟားမာ့စ်နှင့် ၎င်း၏မဟာမိတ်များသည် ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂအေဂျင်စီဖြစ်သော UNRWA အပါအဝင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အခြားအရပ်ဘက် အဆောက်အအုံများကို စစ်ဆင်ရေးနေရာများအဖြစ် အသုံးပြုနေသည်ဟု အစ္စရေးစစ်တပ်က စွပ်စွဲထားသည်။ အစ္စရေး၏စွပ်စွဲပြောကြားမှုကို ဟားမာ့စ်က ငြင်းဆန်ထားသည်။

တိုက်ခိုက်မှုအတွင်းကျဆုံးသွားသော အနည်းဆုံးအာဇာနည် ၃၇ ဦး၏အလောင်းများကို လက်ခံထားသည်ဟု နူဆေးရတ်အနီးဒေယာအယ်လ်ဘာလာရှိ အယ်လ်ကွက်ဆာမာတာဆေးရုံက ပြောကြားခဲ့သည်။

“ဘာကြောင့်လဲ။ ကျွန်တော်တို့ကို ဗုံးကြဲဖို့ သူတို့ကို ကျွန်တော်တို့ ဘာလုပ်ထားလို့လဲ” ဟု အဆိုပါစာသင်ကျောင်းတွင် ခိုလှုံရန်ကြိုးစားနေသော ဂါဇာစစ်ဘေးရှောင် ဖိုင်ဆယ်သာရီက အေအက်ဖ်ပီသတင်းထောက်ကို ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent