အနောက်ဘက်ကမ်းဒေသတွင် ကျန်းမာရေးအကျပ်အတည်း မြင့်တက်လာမှုအပေါ် WHO သတိပေး

အနောက်ဘက်ကမ်းဒေသတွင် ကျန်းမာရေးအကျပ်အတည်း မြင့်တက်လာမှုအပေါ် WHO သတိပေး
ဇွန် ၁၃ ရက်က အနောက်ဘက်ကမ်းဒေသရှိ ဂျီနင်မြို့တွင် ပေါက်ကွဲမှုကြောင့် မီးခိုးများထွက်ပေါ်နေပုံကို တွေ့ရစဉ်(Photo: AFP)
ဇွန် ၁၃ ရက်က အနောက်ဘက်ကမ်းဒေသရှိ ဂျီနင်မြို့တွင် ပေါက်ကွဲမှုကြောင့် မီးခိုးများထွက်ပေါ်နေပုံကို တွေ့ရစဉ်(Photo: AFP)
Published 15 June 2024

ကန့်သတ်ချက်များ၊ အကြမ်းဖက်မှုများနှင့် ကျန်းမာရေးအခြေခံအဆောက်အအုံများကို တိုက်ခိုက်မှုများပိုမိုမြင့်တက်လာသော ဝန်းရံပိတ်ဆို့ခံထားရသည့် အနောက်ဘက်ကမ်းဒေသတွင် ကျန်းမာရေးအကျပ်အတည်း မြင့်တက်လာမှုအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇွန် ၁၄ ရက်တွင် သတိပေးခဲ့သည်။

WHO ထုတ်ပြန်ချက်တွင်အနောက် ဘက်ကမ်းဒေသ၌ အရပ်သားများကို ချက်ချင်းအကာကွယ်ပေးရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တောင်းဆိုခဲ့သည်။

ဂါဇာတွင် စစ်ပွဲစတင်ဖြစ်ပွားသည့် အောက်တိုဘာ ၇ ရက်နောက်ပိုင်းမှစ၍အရှေ့ ဂျေရုစလင်အပါအဝင် အနောက်ဘက်ကမ်းဒေသတွင် အကြမ်းဖက်မှုများမြင့်တက်လာပြီး ဇွန် ၁၀ ရက်အထိ ကလေး ၁၂၆ ဦးအပါ အဝင် ပါလက်စတိုင်းဒေသခံ ၅၂၁ ဦးသေဆုံးခဲ့သည်။

ပါလက်စတိုင်းတာဝန်ရှိသူများက အနောက်ဘက်ကမ်းဒေသတွင်သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာကြောင်းထုတ်ပြန်ထားပြီး ဂါဇာစစ်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက အစ္စရေးတပ်ဖွဲ့ဝင်များသို့မဟုတ် နယ်မြေသစ်တွင် အခြေချနေထိုင်သူများကြောင့် ပါလက်စတိုင်းဒေသခံ ၅၄၅ ဦးထက် မနည်းသေဆုံးခဲ့သည်ဟုဆိုသည်။

လူ ၅,၂၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ထဲမှ ၈၀၀ ခန့်သည်ကလေးများဖြစ်သည်ဟု WHO က ပြောကြားခဲ့ကာယင်းသည် ယိုယွင်းနေပြီးဖြစ်သော ကျန်းမာရေးအဆောက်အအုံများတွင် စိတ်ဒဏ်ရာရရှိသူများ  နှင့် အရေးပေါ်စောင့်ရှောက်မှုလိုအပ်သူများ မြင့်တက်လာနိုင်သည်ဟု အလေးပေးပြောကြားခဲ့သည်။

၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးတို့ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းဒေသသည် တစ်နှစ်ကျော်ကြာ အကြမ်းဖက်မှု မြင့်တက်လာသည့် အခြေအနေကိုကြုံတွေ့နေရပြီး အထူးသဖြင့် လွန်ခဲ့သည့်ရှစ်လကျော်က ဂါဇာတွင် အစ္စရေး-ဟားမာ့စ်စစ်ပွဲစတင် ဖြစ်ပွားပြီးနောက်ဖြစ်သည်။

အောက်တိုဘာ ၇ ရက်က ဟားမာ့စ်တို့သည် အစ္စရေးကို မကြုံစဖူးတိုက်ခိုက်မှုများကြောင့် အရပ်သားအများစုအပါအဝင်လူ ၁,၁၉၄ ဦးသေဆုံးခဲ့ပြီးနောက် စစ်ပွဲစတင်ဖြစ်ပွားခဲ့သည်။

ဟားမာ့စ်တို့သည် ဓားစာခံ ၂၅၁ ဦးကို ပြန်ပေးဆွဲခဲ့ပြီး ၎င်းတို့ထဲမှ ၁၁၆ ဦးသည်ဂါဇာတွင် ဆက်လက်ဖမ်းဆီးခံထားရကာ ၄၁ ဦးသေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်ကထုတ်ပြန်ထားသည်။

အစ္စရေး၏ လက်တုံ့ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဂါဇာတွင် အရပ်သားအများစုအပါအဝင် လူပေါင်း ၃၇,၂၆၆ ဦးသေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ကျန်းမာရေးအဆောက်အအုံများ ထပ်တလဲလဲတိုက်ခိုက်ခံနေရကာ WHO က အနောက်ဘက်ကမ်းဒေသ၏ ကျန်းမာရေးစောင့်ရှောက်မှုတွင် ပိုမိုမြင့်တက်လာသော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ဇွန် ၁၄ ရက်ကဆိုသည်။

အောက်တိုဘာ ၇ ရက်မှ မေ ၂၈ ရက်အတွင်း အနောက်ဘက်ကမ်းဒေသတွင်ကျန်းမာ ရေးအဆောက်အအုံများနှင့် လူနာတင်ယာဉ်များအပါအဝင် ယင်းကဲ့သို့ တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၄၈၀ ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု WHO ကဆိုသည်။

ယင်းတိုက်ခိုက်မှုများတွင် လူ ၁၆ ဦးသေဆုံးခဲ့ပြီး ၉၅ ဦးဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။ တစ်ချိန်တည်း၌ပင် စစ်ဆေးရေးဂိတ်များကို ပိတ်ထားကာအနောက်ဘက်ကမ်းဒေသအတွင်း မလုံခြုံမှုများနှင့် ဝန်းရံပိတ်ဆို့မှုများမြင့် တက်လာပြီးရပ်ကွက်များတွင် လှုပ်ရှားသွားလာမှုများကို တင်းတင်းကျပ်ကျပ်တားမြစ်ကန့် သတ်ထားသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်ပိုမိုခက်ခဲခဲ့သည်။

Ref: AFP

Most Read

Most Recent