လူ ၂,၀၀၀ ကျော်သေဆုံးသွားသည့် မြေပြိုမှုကို နိုင်ငံတကာက အကူအညီပေးရန် ပါပူအာနယူးဂီနီအစိုးရက ကုလသမဂ္ဂထံ မေတ္တာရပ်ခံ

လူ ၂,၀၀၀ ကျော်သေဆုံးသွားသည့် မြေပြိုမှုကို နိုင်ငံတကာက အကူအညီပေးရန် ပါပူအာနယူးဂီနီအစိုးရက ကုလသမဂ္ဂထံ မေတ္တာရပ်ခံ
မြေပြိုမှုဖြစ်ပွားရာနေရာ၌ ရှာဖွေကယ်ဆယ်ရေး လုပ်နေပုံကို မေ ၂၇ ရက်တွင်တွေ့ရစဉ်(Photo:AFP)
မြေပြိုမှုဖြစ်ပွားရာနေရာ၌ ရှာဖွေကယ်ဆယ်ရေး လုပ်နေပုံကို မေ ၂၇ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 28 May 2024

ဝေးလံသော တောင်ပေါ်ရွာ ပျက်စီးသွားခဲ့ရသော ပါပူအာနယူးဂီနီမြေပြိုမှုတွင် လူ ၂,၀၀၀ ကျော် မြေအောက် ကိုမြုပ်သွားခဲ့သည်ဟု မေ ၂၇ ရက်တွင် အစိုးရက သတိပေးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံ တကာအကူအညီကိုလည်း တောင်းခံလိုက်သည်။

အန်ဂါပြည်နယ်ရှိ တစ်ခါက ပျားပန်းခတ်စည်ကားသော တောင်စောင်းရွာသည် မေ ၁၇ ရက် နံနက်လင်းအား ကြီးအချိန်တွင် မွန်ဂါလိုတောင်၏အစိတ်အပိုင်းအများအပြား ပြိုကျလာသည့်အခါ တစ်ရွာလုံးနီးပါး ပျက်စီး သွားခဲ့ရသည်။ အိမ်များနှင့် ယင်းအိမ်များထဲတွင် အိပ်ပျော်နေကြသူများ ပိပြားကုန်သည်ဟု ဆိုသည်။

“မြေပြိုမှုဟာ လူ ၂,၀၀၀ ကျော်ကို အရှင်လတ်လတ်ကနေ မြေအောက်မြုပ်သွားစေခဲ့ပါတယ်။ အဆောက်အအုံ တွေ ကြီးကြီးမားမားပျက်စီးကုန်ပါတယ်။ စိုက်ခင်းတွေ ပျက်စီးကုန်ပါတယ်။ နိုင်ငံရဲ့စီးပွားရေး အသက် သွေး ကြောကို ကြီးကြီးမားမား ထိခိုက်စေခဲ့ပါတယ်”ဟု ပါပူအာနယူးဂီနီ၏ အမျိုးသားဘေးအန္တရာယ်ဌာနက ကုလ သမဂ္ဂကို ပေးပို့သောပေးစာတွင် ဖော်ပြထားပြီး အဆိုပါပေးစာကို အေအက်ဖ်ပီကလည်း ရရှိထားသည်။

ပေါ်ဂျီရာရွှေတွင်းကြီးသို့သွားသော အဝေးပြေးကားလမ်းမသည် လုံးလုံး ပိတ်ဆို့သွားခဲ့သည်ဟု မြို့တော် ပို့မော့စဘီရှိ ကုလသမဂ္ဂဇဌာနေ စေ့စပ်ညှိနှိုင်းရေးရုံးသို့ ပေးပို့သော ပေးစာတွင် ဖော်ပြထားသည်။

“တောင်ပြိုတာဟာ တဖြည်းဖြည်း ဆက်လက်ရွေ့လျားနေတာကြောင့် အခြေအနေဟာ မတည်မငြိမ် ဖြစ်နေပါတယ်။ ဒါဟာ ကယ်ဆယ်ရေးအဖွဲ့တွေကိုရော အသက်ရှင်ကျန်ရစ်သူတွေကိုရော အန္တရာယ်ဖြစ်စေ ပါတယ်”ဟု ဘေးအန္တရာယ်ဌာနက ပြောကြားခဲ့သည်။

ကပ်ဘေး၏အတိုင်းအတာကြောင့် အားလုံး၏ ချက်ချင်းလက်ငင်းဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု များ လိုအပ်နေသည်ဟု ဆိုသည်။ အထူးသဖြင့် စစ်တပ်၊ နိုင်ငံအဆင့်၊ ပြည်နယ်အဆင့် ကယ်ဆယ်ရေးတို့ လိုအပ်နေသည်ဟု ဆိုသည်။

အကျပ်အတည်းနှင့်ပတ်သက်၍ ပါပူအာနယူးဂီနီ၏ ဖွံံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများနှင့် အခြားသော နိုင်ငံတကာ မိတ်ဆွေများကို အကြောင်းကြားပေးရန်လည်း ကုလသမဂ္ဂကကို တောင်းဆိုထားသည်။

ကုလသမဂ္ဂသည် ပို့မော့စဘီရှိ ပြင်သစ်သံရုံးတွင် ပြုလုပ်မည့် အွန်လိုင်းအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများအား ဖိတ်ကြားထားပြီး အရေးပေါ်အကူအညီ အစည်းအဝေးကို မေ ၂၈ ရက်တွင် ကျင်းပမည်ဟု သိရသည်။

နယ်ခံများ၊ ကယ်ဆယ်ရေးအဖွဲ့များသည် ကားတစ်စီးအရွယ်အစားရှိသော ကျောက်တုံးများ၊ အမြစ်မှကျွတ် ထွက်နေသော သစ်ပင်များ၊ ရှစ်မီတာ(၂၆ ပေ)အထိ နက်သော အလိမ့်လိမ့်ထနေသည့် မြေကြီးများ ရောနေ သည့် မြေပြိုမှုအောက်တွင် အလောင်းများကို ရှာဖွေရန် ဂေါ်ပြားများ၊ သစ်သားများကို အသုံးပြုလျက်ရှိသည်။

“ကုန်းမြေစိုင်ဟာ လျှောကျနေဆဲပါ။ တောင်ပေါ်ကနေ ကျောက်တုံးတွေ ကျဆင်းနေပါတယ်”ဟု တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းနေထိုင်ရေး ကုလသမဂ္ဂတာဝန်ရှိသူ ဆာဟန်အက်တိုပရက်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ရေစီးကြောင်းသည် မြေကြီးနှင့် အပျက်အစီးများကြားတွင် စီးဆင်းလျက်ရှိပြီး မြေပြိုမှုနှင့်နီးကပ်သည့် မြေကြီးတွင် အက်ကွဲကြောင်းများ ပေါ်လာသည်ဟုဆိုသည်။    

Ref:AFP

Most Read

Most Recent