ဗီယက်နမ်လွှတ်တော်က ပြည်သူ့လုံခြုံရေးဝန်ကြီးအား သမ္မတအဖြစ် မဲပေးရွေးချယ်

ဗီယက်နမ်လွှတ်တော်က ပြည်သူ့လုံခြုံရေးဝန်ကြီးအား သမ္မတအဖြစ် မဲပေးရွေးချယ်
မေ ၂၂ ရက်က ဟနွိုင်းမြို့တော်ရှိ အမျိုးသားလွှတ်တော်ညီလာခံအတွင်း သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုနေသည့် တိုလမ်ကို တွေ့ရစဉ်(Photo:AFP)
မေ ၂၂ ရက်က ဟနွိုင်းမြို့တော်ရှိ အမျိုးသားလွှတ်တော်ညီလာခံအတွင်း သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုနေသည့် တိုလမ်ကို တွေ့ရစဉ်(Photo:AFP)
Published 23 May 2024

ဗီယက်နမ်လွှတ်တော်သည် ပြည်သူ့လုံခြုံရေးဝန်ကြီး တိုလမ်ကို သမ္မတအသစ်အဖြစ် မေ ၂၂ ရက်က မဲပေးရွေးချယ်ခဲ့သည်။

ဗီယက်နမ်တွင် အကြီးစား အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုပြီးနောက် ယခင်သမ္မတသည် ရာထူးမှ နုတ်ထွက်ခဲ့ပြီး ယခုတွင် သမ္မတအသစ်တစ်ဦး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဗီယက်နမ်တွင် ကွန်မြူနစ်ပါတီအတွင်းရေးမှူးချုပ် ငုယင်ဖူထရောင်ဦးဆောင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွင်း ထိပ်သီးအရာရှိများနှင့် ထိပ်သီးစီးပွားရေးခေါင်းဆောင်များအပါအဝင် ထောင်နှင့်ချီ သည့်လူများ ဖမ်းဆီးခံခဲ့သည်။

လမ်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကြီးကြပ်ကိုင်တွယ်နေသည့် ကော်မတီ၏ လက်ထောက် အကြီးအကဲဖြစ်ပြီး သူသည် နိုင်ငံရေးပြိုင်ဘက်များကို ဖယ်ရှားရန် ထိုအဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်ကို လက်နက်တစ်ခုသဖွယ်အသုံးပြုခဲ့သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

ဗီယက်နမ်၏ ခေါင်းဆောင်မှုပိုင်း ဖွဲ့စည်းပုံအရ ဗီယက်နမ် ကွန်မြူနစ်ပါတီအတွင်းရေးမှူးချုပ်ရာထူးသည် သမ္မတရာထူးထက် ပိုမိုမြင့်မားကာ သမ္မတရာထူးသည် ဒုတိယအမြင့်ဆုံးနေရာအဖြစ် မှတ်ယူနိုင်သည်။

ဗီယက်နမ်၏ ထိပ်သီးရာထူးလေးနေရာမှာ ကွန်မြူနစ်ပါတီအတွင်းရေးမှူးချုပ်၊ သမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာများဖြစ်သည်။

လမ်သည် သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရပြီးနောက် ပထမဆုံး မှတ်ချက်စကားအဖြစ် သူသည် အကျင့်ပျက်ခြစားမှုနှင့် အပျက်သဘောဆောင်သည့် ဖြစ်စဉ်များကို တိုက်ဖျက်ရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။

မတ်လအတွင်းက ဗိုဗန်သွန်းသည် သမ္မတသက်တမ်း တစ်နှစ်သာရှိနေသးချိန်တွင် နုတ်ထွက်သွားခဲ့ပြီး အဂတိိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်၏ ရိုက်ခတ်မှုကြောင့် ရာထူးမှနုတ်ထွက်ခဲ့သည့် နောက်ဆုံး ထိပ်သီးခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည်လည်း စည်းကမ်းချိုးဖောက်မှုများကြောင့် ဧပြီလတွင် ရာထူးမှ နုတ်ထွက်ခဲ့သဖြင့် ဗီယက်နမ်၏ ထိပ်သီးရာထူးနေရာလေးနေရာအနက် နှစ်နေရာမှာ တစ်လကြာ လစ်လပ်ခဲ့သည်။

လမ် (၆၆ နှစ်) သည် ၂၀၁၆ ခုနှစ်ကတည်းက ပြည်သူ့လုံခြုံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကွန်မြူနစ်နိုင်ငံတွင်  လူ့အခွင့်အရေးလှုပ်ရှားမှုများအပေါ် သဘောထားတင်းမာစွာ ကိုင်တွယ်ခဲ့သည်။

သူသည် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် လွှတ်တော်အမတ်များက ၎င်း၏ ပြည်သူ့လုံခြုံရေးဝန်ကြီး ရာထူးနေရာကို တာဝန်လဲလှယ်ပေးရန် သဘောတူခဲ့သည်။

အမျိုးသားလွှတ်တော်သည် လမ်ကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လမ်သည် မဲစုစုပေါင်း ၄၇၃ မဲတွင် ထောက်ခံမဲ ၄၇၂ မဲရရှိခဲ့သည်။

မေ ၂၀ ရက်ကလည်း အသက် ၆၁ နှစ်အရွယ် ထရန်သန်မန်ကိုဗီယက်နမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသစ်အဖြစ် အဆိုပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး ကွန်မြူနစ်ပါတီသည် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်သစ် လေးဦးကို ခန့်အပ်ခဲ့သည်။

ဗီယက်နမ်တွင် နိုင်ငံရေးအခြေအနေက သောင်းကနင်းဖြစ်မှုသည် ရှားပါးဖြစ်စဉ်ဖြစ်ပြီး ရာထူးနေရာအပြောင်း အလဲများကို ဂရုတစိုက်လုပ်ဆောင်လေ့ရှိသည်။ထို့ပြင် ဗီယက်နမ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကို ပြည်သူများက ထောက်ခံကြောင်း ပြသခဲ့ကြသည်။

                   Ref:AFP

Most Read

Most Recent