နယူးဇီလန်နှင့် သြစတြေးလျသို့ သွားရောက်မည့် တရုတ်ဝန်ကြီးချုပ်လီချန်၏ ခြောက်ရက်ကြာခရီးစဉ် စတင်ခဲ့ပြီး ဝယ်လင်တန်တွင် နယူးဇီလန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

နယူးဇီလန်နှင့် သြစတြေးလျသို့ သွားရောက်မည့် တရုတ်ဝန်ကြီးချုပ်လီချန်၏ ခြောက်ရက်ကြာခရီးစဉ် စတင်ခဲ့ပြီး ဝယ်လင်တန်တွင် နယူးဇီလန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ
ဇွန် ၁၃ ရက်က ဝယ်လင်တန်မြို့ရှိ အစိုးရအိမ်တော်၌ ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် တရုတ်ဝန်ကြီးချုပ်လီချန်(ဝဲ)နှင့် နယူးဇီလန်ဝန်ကြီးချုပ် ခရစ္စတိုဖာလူဆန်(ယာ)တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(Photo: AFP)
ဇွန် ၁၃ ရက်က ဝယ်လင်တန်မြို့ရှိ အစိုးရအိမ်တော်၌ ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် တရုတ်ဝန်ကြီးချုပ်လီချန်(ဝဲ)နှင့် နယူးဇီလန်ဝန်ကြီးချုပ် ခရစ္စတိုဖာလူဆန်(ယာ)တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(Photo: AFP)
Published 13 June 2024

ကြုံတောင့်ကြုံခဲအဖြစ် နယူးဇီလန်နှင့် သြစတြေးလျသို့သွားရောက်မည့် တရုတ်ဝန်ကြီးချုပ်လီချန်၏ ခြောက်ရက်ကြာခရီးစဉ်စတင်ခဲ့ပြီး ဇွန် ၁၃ ရက်က နယူးဇီလန်၏ မြို့တော်ဝယ်လင်တန်သို့ ရောက်ရှိလာခဲ့သည်။

တရုတ်နှင့် နယူးဇီလန်အကြားကွဲလွဲမှုများသည် ရင်ကြားမစေ့နိုင်သည့်ကွာဟမှုကြီးဖြစ်မလာအောင် ရှောင်ကြဉ်ရမည်ဖြစ်ကြောင်းနှင့် ကုန်သွယ်မှုနှင့်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများကို တိုးမြှင့်မည်ဖြစ်ကြောင်း ဝယ် လင်တန်သို့ ရောက်ရှိလာပြီးနောက်တွင် လီက ကတိပြုခဲ့သည်။

“အရာအားလုံးမှာ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းအမြင်မတူနိုင်တာက သဘာဝပါပဲ။ ဒါပေမဲ့ အဲဒီလိုအမြင်မတူညီမှုတွေဟာ ကျွန်တော်တို့ရဲ့ အပြန်အလှန်ဆက်ဆံမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိတ် ပင်ဟန့်တားမယ့် ကွာဟမှုကြီးတစ်ခုဖြစ်မလာသင့်ပါဘူး”ဟု နယူးဇီလန်ဝန်ကြီးချုပ် ခရစ္စတိုဖာလူဆန်နှင့် တံခါးပိတ် အစည်းအဝေးပြုလုပ်ပြီးနောက် လီကသတင်းထောက်များကို ပြောကြားခဲ့သည်။

နယူးဇီလန် ဝန်ကြီးချုပ်ကလည်း နယူးဇီလန်အတွက် အရေးကြီးသည့် ကိစ္စရပ်များနှင့် လူ့အခွင့်အရေး၊ ပြည်ပမှ ကြားဝင်စွက်ဖက်မှု ကိစ္စရပ်များကဲ့သို့ မိမိတို့၏ အဓိကစံတန်ဖိုးများနှင့် ပတ်သက်၍ လီနှင့်ဆွေးနွေး ပြောဆိုခဲ့သည်ဟု ဆိုသည်။

တရုတ်၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် နယူးဇီလန်နှင့် သြစတြေးလျသို့ လာရောက်သည့် ခရီးစဉ်အတွင်းလီသည် ၎င်းနှစ်နိုင်ငံ၏ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံမည်ဖြစ်ကာ မြို့ငါးမြို့သို့ သွားရောက်မည်ဖြစ် ပြီး စီးပွားရေးနယ်ပယ်မှ ခေါင်းဆောင်အများအပြားနှင့်လည်း တွေ့ဆုံမည်ဖြစ်သကဲ့သို့ တရုတ်၏ အမှတ်သညာဖြစ်သည့် ပန်ဒါဒစ်ပလိုမေစီကိုလည်း ဖော်ဆောင်မည်ဖြစ်သည်။

တောင်ပစိဖိတ်ဒေသတွင် တရုတ်ကသြဇာလွှမ်းမိုးမှု တိုးမြှင့်လာသည့်အပေါ် နယူးဇီလန်နှင့် သြစတြေးလျတို့က ဝေဖန်မှုများ ပြုလုပ်ထားသည်။

ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် အဓိကရည်ရွယ်သည့် ကြုံတောင့်ကြုံခဲ ခရီးစဉ်အဖြစ် တရုတ်ဝန်ကြီးချုပ်လီချန်သည် ယခုသီတင်းပတ်အတွင်း နယူးဇီလန်သို့ လာရောက်မည်ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ခရစ္စတိုဖာလူဆန်က ဇွန် ၁၀ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ယင်းသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း တရုတ်ဝန်ကြီးချုပ်တစ်ဦး နယူးဇီလန်သို့ ပထမဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ်လည်းဖြစ်သည်။ တရုတ်သည် နယူးဇီလန်၏ အကြီးမားဆုံး ပို့ကုန်တင်ပို့ရာ လမ်းကြောင်းဖြစ်ပြီး နယူးဇီလန်သည်လည်း ဒီမိုကရေစီအနောက်နိုင်ငံများအကြား တရုတ်၏အရင်းနှီးဆုံးမိတ် ဖက်  နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ဇွန် ၁၃ ရက်က နယူးဇီလန်၏မြို့တော် ဝယ်လင်တန်မြို့လယ်ရှိ Intercontinental Hotel ဆီသို့ ဝန်ကြီးချုပ်လီ၏ယာဉ်တန်း ရောက်ရှိလာချိန်တွင် စောင့်ဆိုင်းနေသည့် လူအုပ်ကြီးက ကြိုဆိုခဲ့သည်။

ကြိုဆိုထောက်ခံသူများက ဒရမ်များတီးပြီး လက်ကိုင်စာတန်းများဝှေ့ယမ်းကာ ကြိုဆိုခဲ့ပြီး ဆန္ဒပြသူအချို့လည်း ရှိခဲ့ကြောင်း သိရသည်။

နယူးဇီလန်သို့ ရောက်ရှိပြီးမရှေးမနှောင်းတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် လီကတရုတ်နှင့် စီးပွားရေးလုပ်ကိုင်ခြင်း၏ အကျိုးရလဒ်များကို အလေးအနက်ထည့် သွင်းဖော်ပြခဲ့သည်။ တရုတ်နှင့် နယူးဇီလန် အကြားအစဉ်အလာ ချစ်ကြည်ရင်းနှီးမှုများကို အားသစ်လောင်းရန် ရည်မှန်းထားသည်ဟုလည်း လီက ပြောကြားခဲ့ပြီး ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအခွင့်အလမ်းများကို ရည်ညွှန်းပြောဆိုခဲ့သည်။ နယူးဇီလန်ခရီးစဉ်အပြီးတွင် လီသည် သြစတြေးလျသို့ ဆက်လက်သွားရောက်မည် ဖြစ်သည်။                      

Ref: AFP

Most Read

Most Recent