ခါကိဗ်ဒေသ၏ နယ်မြေအချို့ကို ယူကရိန်းတပ်ဖွဲ့များက ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်စကီး ပြောကြား

ခါကိဗ်ဒေသ၏ နယ်မြေအချို့ကို ယူကရိန်းတပ်ဖွဲ့များက ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်စကီး ပြောကြား
မေ ၁၇ ရက်က ကိယက်ဗ်မြို့ရှိ သမ္မတရုံးတွင် အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးပြုလုပ်နေသည့် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို တွေ့ရစဉ်
မေ ၁၇ ရက်က ကိယက်ဗ်မြို့ရှိ သမ္မတရုံးတွင် အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးပြုလုပ်နေသည့် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို တွေ့ရစဉ်
Published 27 May 2024

ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်း ခါကိဗ်ဒေသ၏ နယ်မြေအချို့ကို ယူကရိန်းတပ်ဖွဲ့များက ပြန်လည်သိမ်းယူ နိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးက ပြောကြားခဲ့သည်။

ယခုလအစောပိုင်းက ရုရှားတပ်ဖွဲ့များ ဝင်ရောက်လာသည့် ခါကိဗ်ဒေသ၏ နယ်မြေများတွင် ယူကရိန်းတပ်များ က တပ်ဖြန့်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဇယ်လန်စကီးက ပြောသည်။

ထိုအချိန်အတောအတွင်း ခါကိဗ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် လူနှစ်ဦးသေဆုံးသွားခဲ့သည်ဟု ဒေသန္တရ အရာရှိများက ပြောကြားခဲ့သည်။

ခါကိဗ်မြို့သည် ရုရှားနယ်စပ်နှင့် ၂၀ ကီလိုမီတာ (၁၂ မိုင်) အကွာတွင်တည်ရှိသည်။ ရုရှားတပ်ဖွဲ့များသည် မကြာသေးမီ သီတင်းပတ်များအတွင်းက ထိုဒေသ၏ ကျေးရွာများကို သိမ်းပိုက်ခဲ့ကာ ပိုမိုထိုးဖောက်ဝင်ရောက် လာခဲ့သည်ဟု ဆိုသည်။

ထိုရုရှားတပ်ဖွဲ့များသည် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်သည့်  အကွာအဝေးအတွင်းသို့ ရောက်ရှိရန် ကြိုးပမ်းနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ယူကရိန်းအာဏာပိုင်များကမူ ရုရှား၏ ထိုးစစ်စတင်သည့် မေ ၁၀ ရက်ကတည်းက  ထိုဒေသမှ လူပေါင်း ၁၁၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့သည်။

“အခုဆိုရင် ကျွန်တော်တို့ စစ်သားတွေဟာ ရုရှားတပ်တွေဝင်ရောက်လာခဲ့တဲ့ နယ်စပ်ဒေသမှာ တပ်တွေဖြန့် ထားခဲ့ပါပြီ”ဟု ဇယ်လန်စကီးက မေ ၂၃ ရက်မွန်းလွဲပိုင်းက ညစဉ် ထုတ်လွှင့်နေကြမိန့်ခွန်းအတွင်း ပြောကြားခဲ့ သည်။

ဇယ်လန်စကီး၏ ပြောကြားချက်များသည် ရုရှားအရာရှိများ၏ ပြောကြားချက်များနှင့် ကွဲလွဲလျက်ရှိသည်။

ရုရှား၏ အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗစ်တာဗိုဒိုလက် စကီးကမူ ရုရှားတပ်ဖွဲကများသည် ယူကရိန်း နယ်စပ်ကိုဖြတ်ပြီး ၃ မိုင်အထိ ဝင်ရောက်ကာ ဗော့ဗ်ချန့်စ်မြို့၏ တစ်ဝက်ကျော်ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရုရှားနိုင်ငံပိုင် Tass သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ခါကိဗ်ဒေသတွင် ရုရှားက ထိုးစစ်စတင်ခဲ့ပြီးကတည်းက ဗော့ဗ်ချန့်စ်မြို့သည် ရုရှား နှင့် ယူကရိန်းတပ်ဖွဲ့ များအကြား အဓိက ထိပ်တိုက်တွေ့သည့် စစ်မြေပြင်တစ်ခု ဖြစ်လာခဲ့သည်။

ထိုမြို့ကို အပြည့်အဝထိန်းချုပ်ပြီးချိန်တွင် ရုရှားတပ်များသည် အိမ်နီးချင်း ဒိုးနက်ဒေသမှ စလိုဗီယန့်စ်မြို့၊ ခရာမာတော့စ်မြို့နှင့် ပေါ့ကရော့ဗ်စ်မြိုကများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ဗိုဒိုလက်စကီးက ပြောကြားခဲ့ သည်။၎င်း၏ ပြောကြားချက်များကို လွတ်လပ်စွာ အတည်ပြုရန် ချက်ချင်းမဖြစ်နိုင်ပေ။

ခါကိဗ်ဒေသကို ဖိအားပေးတိုက်ခိုက်နေသည့် ရုရှား၏ ထိုးစစ်သည် ဒိုးနက်ဒေသနှင့်  တောင်ပိုင်းစစ်မြေပြင်တွင် ယူကရိန်း၏ ခံစစ်ကို စမ်းသပ်လျက်ရှိသည်။

ယူကရိန်းတောင်ပိုင်းတွင်မူ ရုရှားတပ်ဖွဲကများက အာခန်ဟဲလ်စကီးကျေးရွာကို သိမ်းယူခဲ့ပြီး မြောက်ပိုင်းရှိ ဆူမီနှင့် ချာနီဟစ်ဗ်ဒေသများကို တိုက်ခိုက်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၅ ရက် တွင် ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း ရုရှားစစ်တပ်သည် ခါကိဗ်ဒေသတွင် ယူကရိန်း၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများကို ဟန့်တားရန် ကြားခံနယ်မြေတစ်ခု ဖန်တီးရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က စတင်ခဲ့သည့် ရုရှား၏ အင်ပြည့်အားပြည့် ကျူးကျော်စစ်စတင် ခဲ့ချိန်ကတည်းက လက်ရှိ ရုရှားတပ်များ၏ ထိုးစစ်သည် ယူကရိန်းတပ်များအတွက် အဓိကစိန်ခေါ် မှုဖြစ်နေသည်။

                                                  Ref:AP

Most Read

Most Recent