တောင်ပေါ်ခရီးသွားလုပ်ငန်းကြောင့် ပိုမိုနက်ရှိုင်းလာသော ပါကစ္စတန် လျှပ်စစ်ဓာတ်အားအကျပ်အတည်း

တောင်ပေါ်ခရီးသွားလုပ်ငန်းကြောင့် ပိုမိုနက်ရှိုင်းလာသော ပါကစ္စတန် လျှပ်စစ်ဓာတ်အားအကျပ်အတည်း
Photo-AFP
Photo-AFP
Published 16 June 2024

ပါကစ္စတန်၏တောင်ကြားဒေသတွင် နေ့စဉ် ၁၈ နာရီကြာလျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ဒေသခံဆရာမတစ်ဦးဖြစ်သည့်အနီ ကာဘာနိုသည် ၎င်း၏ရေခဲသေတ္တာကို ကြောင်အိမ်တစ်ခုအဖြစ်အသုံး ပြုကာ စာအုပ်များနှင့်မီးဖိုချောင်အသုံးအဆောင်များကို သိမ်းဆည်းထားရှိသည်။

လောင်စာဆီပြတ်လတ်မှု အများအပြားဖြစ်ပေါ်နေသော ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုသည် ပုံမှန်ဖြစ်သော်လည်း စကာဒူမြို့ကဲ့သို့ နေရာအနည်းငယ်တွင် အချိန်ကြာရှည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဒဏ်ကို အမြဲလိုလိုကြုံတွေ့ခံစားနေရသည်။

တောင်တက်သမားများနှင့် အပူရှောင်လိုသော ပါကစ္စတန်နိုင်ငံသားများ လာရောက်လည်ပတ်လေ့ရှိသည့် ယင်းဒေသတွင် ခရီးသွားကဏ္ဍပိုမိုတိုးတက်လာမှုသည် ကမ္ဘာ့ဒုတိယအမြင့်ဆုံးတောင်ထိပ် K2 ကို တက်ရောက်ရန် အဝင်ဝဖြစ်သော စကာဒူမြို့တွင် အကန့်အသတ်ဖြင့်ရရှိသော လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုကို လျှင်မြန်စွာ လျော့ကျလာစေခဲ့သည်။

အဆင့်မြင့်ဟိုတယ်များသည် ဆိုလာပြားများ သို့မဟုတ် မီးစက်များဖြင့် လျှပ်စစ်ဓာတ်အားကိုရရှိရန် ဆောင်ရွက်နိုင်သော်လည်း ဒေသခံအများအပြားမှာမူ ယင်းကဲ့သို့ မတတ်နိုင်ပေ။

“ကျွန်မတို့တွေ တစ်ချိန်ကလျှပ်စစ်ကို မှီခိုပြီး အသုံးပြုရတဲ့အရာအားလုံးကို ပြန်လည်ဆန်းသစ်တီထွင်ရ ပါတယ်”ဟု ဘာနိုက ဆိုသည်။

“ကျွန်မတို့မှာ မီးဖိုမရှိတော့ဘူး။ အဝတ်အစားတွေကိုလည်း ကျောက်မီးသွေးနဲ့အပူပေးရတဲ့ မီးပူနဲ့ပဲ တိုက်ရတော့တယ်”ဟု အသက် ၄၁ နှစ်အရွယ် ဘာနိုက ဆိုသည်။

“ကျွန်မတို့ အလုပ်ကနေပင်ပင်ပန်းပန်းနဲ့ အိမ်ပြန်လာတဲ့အခါ အပူပေးစက်ကို မဖွင့်နိုင်တော့ပါဘူး” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

စကာဒူမြို့သည် ဂျစ်လ်ဂျစ်- ဘာတစ်စတန်ဒေသတွင် အကြီးဆုံးမြို့ဖြစ်ပြီး ချယ်ရီဥယျာဉ်များ၊ရေခဲမြစ်များနှင့် အပြာရောင် ရေခဲရေအိုင်များကြားမှ ခရီးသွားများကို သယ်ယူပို့ဆောင်ပေးသည့် အဝေးပြေးလမ်းမကြီးကို မြင်တွေ့နေရသည်။

ပုံမှန်အားဖြင့် လူ၂၀၀,၀၀၀ ဝန်းကျင်နေထိုင်ရာ ပင်လယ်ရေမျက်နှာပြင်အထက် ၇,၃၁ဝပေတွင် တည်ရှိသောကြောင့် နွေရာသီတွင် အေးမြသော ရာသီဥတုရှိသည့် ဆကာဒူမြို့သို့ နိုင်ငံတစ်ဝန်းရှိပြည်သူ များက အပူရှောင်သည့်အနေဖြင့် လာရောက်လည်ပတ်ကြသည်။

ဆကာဒူမြို့တွင် ၂၀၁၄ ခုနှစ်၌ ပြည်တွင်းခရီးသွား ၅၀,ဝဝဝအထိ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်၌ ပြည်တွင်းခရီးသွား ၈၈၀,၀၀၀ အထိရှိလာခဲ့ သည်။ forex အရန်ငွေများ လျော့ကျလာခြင်း၊ စီမံခန့်ခွဲမှု အားနည်းခြင်း၊ လူဦးရေ လျင်မြန်စွာ မြင့်တက်လာခြင်းနှင့် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် ပါကစ္စတန်တွင် လျှပ်စစ်ဓာတ်အား ပြတ်လပ်မှုနှင့်  ရင်ဆိုင်နေရချိန်တွင် ခရီးသွားလာမှု အရှိန်အဟုန်သည် ပြည်တွင်းစွမ်းအားအတွက် အလွန်သက်သေပြ လျက်ရှိသည်။

“လူဦးရေမြင့်တက်လာတဲ့အပြင် ခရီးသွားလာမှု မြင့်တက်လာတာတွေကြောင့် လျှပ်စစ်ဓာတ်အားပြတ် တောက်တဲ့နာရီ ပိုမိုကြာမြင့်လာပါတယ်”ဟု ဒေသတွင်းအစိုးရ၏ ရေနှင့်လျှပ်စစ်ဌာနမှ အကြီးတန်းအင် ဂျင်နီယာ မူဟာမက်ယူနက်စ်က ဆိုသည်။ ဆောင်းရာသီတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန် ၂၂ နာ ရီအထိ ကြာမြင့်ပြီး နွေရာသီတွင် ဓာတ်အားပြတ်တောက်ချိန် ၁၈ နာရီမှ နာရီ ၂၀ ကြားရှိကာ လွန်ခဲ့သည့် ခြောက်နှစ်အတွင်း နှစ်စဉ် ၁၀ ရာခိုင်နှုန်းဝန်းကျင် ပိုမိုမြင့်တက်လာသည်ဟု ဆိုသည်။

အပ်ချုပ်သမားတစ်ဦးဖြစ်သည့် ဆစ်ဒီကာက လျှပ်စစ်ဓာတ်အားပြတ်လပ်မှု ကြာချိန်နှင့်အတူ ၎င်း၏ဝင်ငွေများလည်း လျော့ကျလာသည်ဟု ဆိုသည်။

“ကျွန်မ ၂၀၁၄ ခုနှစ်မှာဒီစီးပွားရေးကို စတင်ခဲ့တုန်းက လျှပ်စစ်မီးပြဿနာ မရှိသေးပါဘူး။အခုတော့  လျှပ်စစ်စက်ပစ္စည်းတွေ အားလုံးကို လဲလှယ်ခဲ့ပြီး လက်နဲ့ချုပ်ရတဲ့အပ်ချုပ်စက်တွေပဲ ဝယ်ခဲ့ရပါတယ်”ဟု ၎င်းက ဆိုသည်။

ခရီးသွားကဏ္ဍတိုးတက်လာမှုကြောင့် ဆကာဒူမြို့တစ်မြို့တည်း၌ပင် ဟိုတယ်အရေအတွက်သည် ၂၀၁၄ ခုနှစ်နောက်ပိုင်း လေးဆကျော် ပိုမိုများပြားလာခဲ့သည်။

ဆကာဒူမြို့သည် ဝေးလံခေါင်သီသောနေရာတွင် တည်ရှိခြင်းကြောင့် ဂျစ်လ်ဂျစ်-ဘာတစ်စတန်ဒေသသည် ပါကစ္စတန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ထားခြင်းမရှိသောကြောင့် ဒါဇင်နှင့်ချီသည့် ရေအားလျှပ်စစ်နှင့်အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားအပေါ် မှီခိုနေရသည်။သို့သော်ပါကစ္စတန်၏ ရေခဲမြစ် ၇၀၀၀ သည် အလျင်အမြန် အရည်ပျော်နေသောကြောင့် စွမ်းအင်ထုတ်လုပ်ရေးအတွက် ယာယီရေရရှိမှုကို တိုးမြှင့်နိုင်သော်လည်း ရေခဲမြစ်၏ရေရှည်ရေသို လှောင်နိုင်စွမ်းနှင့် ထုတ်လုပ်နိုင်စွမ်းမှာ တဖြည်းဖြည်းလျော့ကျလာကာ စွမ်းအင်ထုတ်လုပ်မှုအပေါ်သက် ရောက်မှုရှိလာခဲ့သည်။

Ref:AFP