အမေရိကန်က အစ္စရေးကို ပေါင် ၂၀၀၀ အလေးချိန်ရှိ ဗုံးများအပါအဝင် လက်နက်ခဲယမ်းအများအပြား ပေးပို့ခဲ့ကြောင်း အမေရိကန်အရာရှိနှစ်ဦး ပြောကြား

အမေရိကန်က အစ္စရေးကို ပေါင် ၂၀၀၀ အလေးချိန်ရှိ ဗုံးများအပါအဝင် လက်နက်ခဲယမ်းအများအပြား ပေးပို့ခဲ့ကြောင်း အမေရိကန်အရာရှိနှစ်ဦး ပြောကြား
အစ္စရေးတောင်ပိုင်းရှိ ဂါဇာနယ်စပ်တွင် အစ္စရေးစစ်သားတစ်ဦးနှင့် ကျည်ကာကားများကို တွေ့ရစဉ်(Photo: Reuters)
အစ္စရေးတောင်ပိုင်းရှိ ဂါဇာနယ်စပ်တွင် အစ္စရေးစစ်သားတစ်ဦးနှင့် ကျည်ကာကားများကို တွေ့ရစဉ်(Photo: Reuters)
Published 29 June 2024

ဂါဇာစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးကတည်းက အမေရိကန်သည် အစ္စရေးကို ပေါင် ၂၀၀၀ အလေးချိန်ရှိ အလွန်ဖျက်အားပြင်းသည့် ဗုံးအလုံးရေ ၁၀၀၀၀ ကျော်နှင့် ထောင်နှင့်ချီသည့် Hellfire ဒုံးကျည်များအပါအဝင် လက်နက်ခဲယမ်းအများအပြားပေးပို့ခဲ့သည်ဟု လက်နက်များပေးပို့မှု နောက်ဆုံးရစာရင်းတွင် အမေရိကန်အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။

စစ်ပွဲစတင်ခဲ့သည့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှ မကြာသေးမီရက်များအတွင်း အမေရိကန်သည် MK-84 ပေါင် ၂၀၀၀ ဗုံး အလုံးရေ ၁၄၀၀၀ ၊ ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးအလုံးရေ ၆၅၀၀၊ ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်သည့် Hellfire ပဲ့ထိန်းဒုံးကျည်အစင်း ၃၀၀၀၊ ဘန်ကာဖျက်ဗုံးအလုံးရေ ၁၀၀၀၊ လေယာဉ်ပေါ်မှ ကြဲချရသည့် သေးငယ်သည့်ဗုံးအလုံးရေ ၂၆၀၀ နှင့် အခြားလက်နက်ခဲယမ်းများ ပေးပို့ခဲ့သည် ဟု အမည်မဖော်လိုသည့် အမေရိကန်အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။

ထိုလက်နက်ခဲယမ်းများ ပေးပို့ခဲ့သည့်အချိန်စာရင်းကိုမူ အဆိုပါအရာရှိနှစ်ဦးက ပြောကြားခဲ့ခြင်းမရှိသော်လည်း အစ္စရေးကို  အဖျက်စွမ်းအားပြင်းသည့် ဗုံးများပေးပို့မှုအား ရပ်နားရန် မကြာသေးမီကချမှတ်ခဲ့သည့် အမေရိကန်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်  လက်နက်ထောက်ပံ့မှုများကို ကန့်သတ်ရန် နိုင်ငံတကာ၏ တောင်းဆိုမှုများရှိနေသည့်တိုင် အမေရိကန်စစ်တပ်သည် ၎င်း၏ မဟာမိတ်အစ္စရေးအတွက် ထောက်ပံ့မှုများကို ကြီးကြီးမားမား လျှော့ချခဲ့ခြင်းမရှိသည့် အခြေအနေကို ဖော်ပြရာရောက်ခဲ့သည်။

အောက်တိုဘာ ၇ ရက်က စတင်ဖြစ်ပွားခဲ့သည့် ဂါဇာစစ်ပွဲသည် ရှစ်လကြာမြင့်လာချိန်တွင် အစ္စရေးသည် လက်နက်ခဲယမ်းများကို ဖြည့်တင်းရန်လိုအပ်နေမှုနှင့်အတူ အမေရိကန်၏ လက်နက်ခဲယမ်းများထောက်ပံ့မှု သည် အပြောင်းအလဲရှိပုံမပေါ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

“ကြီးမားတဲ့ ပဋိပက္ခမှာ ဒီကိန်းဂဏန်းတွေဟာ လျင်မြန်စွာပိုမိုမြင့်တက်လာနိုင်ပါတယ်။ ဒီစာရင်းဟာ ကျွန်တော်တို့ရဲ့ မဟာမိတ်အစ္စရေးကို အမေရိကန်ရဲ့ ထောက်ခံမှုအဆင့်ဟာ အပြောင်းအလဲမရှိတာကို ဖော် ပြနေပါတယ်”ဟု မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာမှ လက်နက်ကျွမ်းကျင်သူ တွမ်ကာရာကိုက ပြောကြားခဲ့ပြီး ထိုစာရင်းတွင်ပါဝင်သည့် လက်နက်ခဲယမ်းများသည် ဟားမာ့စ်နှင့်ဖြစ်ပွားနေသည့်စစ်ပွဲ သို့မဟုတ် ဟစ်ဇ်ဘိုလာနှင့်ဖြစ်လာနိုင်ခြေရှိသည့်တိုက်ပွဲအတွက် အစ္စရေးက အသုံးပြုမည့် လက် နက်ခဲယမ်းအမျိုးအစားများဖြစ်သည်ဟု ဆိုသည်။

ယခင်က ထုတ်ပြန်ခဲ့ခြင်းမရှိသည့် လက်နက်ခဲယမ်းပေးပို့မှုအရေအတွက်အရ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးကတည်းက အစ္စရေးကို ပေးပို့သည့် လက်နက်ခဲယမ်းအရေအတွက်ကို နောက်ဆုံးရအချက်အလက်များနှင့်တကွ ဖော်ပြခဲ့ခြင်းဖြစ်သည်။

၀ါရှင်တန်ရှိ အစ္စရေးသံရုံးကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ခဲဘဲ အိမ်ဖြူတော်ကလည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

အစ္စရေးနှင့် အီရန်က ထောက်ခံပေးထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့သည် ဂါဇာစစ်ပွဲစတင်ခဲ့ပြီးကတည်းက အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး စစ်ပွဲဖြစ်ပွားလာမည့်အခြေအနေနှင့်အတူ စိုးရိမ်မှု များမြင့်တက်စေခဲ့သည်။

ဇွန် ၂၇ ရက်ကလည်း လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားလေးဦးသေဆုံးခဲ့သည်။

Ref: AP

Most Read

Most Recent