ဂါဇာကို အကူအညီများပေးပို့နိုင်ရန်အစ္စရေးစစ်တပ်၏ နည်းဗျူဟာမြောက်အပစ်ရပ်စဲမှုကို ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ဝေဖန်

ဂါဇာကို အကူအညီများပေးပို့နိုင်ရန်အစ္စရေးစစ်တပ်၏ နည်းဗျူဟာမြောက်အပစ်ရပ်စဲမှုကို ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ဝေဖန်
ဇွန် ၈ ရက် သတင်းစာရှင်းလင်းပွဲ၌ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု ရှင်းလင်းပြောကြားနေပုံကိုတွေ့ရစဉ်(Photo:AFP)
ဇွန် ၈ ရက် သတင်းစာရှင်းလင်းပွဲ၌ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု ရှင်းလင်းပြောကြားနေပုံကိုတွေ့ရစဉ်(Photo:AFP)
Published 17 June 2024



ပါလက်စတိုင်းနယ်မြေစုဖြစ်သော ဂါဇာကမ်းမြောင်သို့ စားနပ်ရိက္ခာပေးပို့မှုများကို အထောက်အကူဖြစ်စေရန် အတွက် ဂါဇာသို့သွားသည့် အဓိက ကားလမ်းများထဲက လမ်းမကြီးတစ်ခုတွင် ဖြစ်ပွားနေသော တိုက်ပွဲများကို နေ့စဉ် နည်းဗျူဟာဆိုင်ရာ ရပ်နားမှုများ ပြုလုပ်ရန် ဇွန် ၁၆ ရက်တွင် အစ္စရေးစစ်တပ်က ကြေညာခဲ့သော အစီအမံများကို အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ဝေဖန်လိုက်သည်။

စစ်တပ်သည် ဂရင်းနစ်စံတော်ချိန် ၅ နာရီမှ ၁၆ နာရီအထိ  ကာရမ်ရှာလွန်နယ်စပ်ဂိတ်မှ ဆာလာအယ်လ်ဒင် ကားလမ်း၊ ထို့နောက် မြောက်ဘက်စူးစူးအထိ ဧရိယာတွင်  နေ့စဉ် အပစ်ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

“မနက်ပိုင်းမှာ လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် ၁၁ နာရီကြာ အပစ်ရပ်စဲတယ်ဆိုတဲ့ သတင်းတွေကို ဝန်ကြီးချုပ်ကြားတဲ့အခါ သူ့အနေနဲ့အဲဒါကို လက်မခံနိုင်ဘူးဆိုပြီး ကာကွယ်ရေးဝန်ကြီးကို အသိ ပေးခဲ့ပါတယ်”ဟု အစ္စရေးတာဝန်ရှိသူက ပြောကြားခဲ့သည်။

စစ်တပ်သည် ရာဖာတွင် ပုံမှန်စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။ အစ္စရေးစစ်တပ် သည် ဂါဇာတောင်ပိုင်းရှိ ရာဖာတွင် ဦးစားပေးစစ်ဆင်ရေး လုပ်လျက်ရှိသည်။ ဇွန် ၁၅ ရက်က ရာဖာတွင် အစ္စရေးစစ်သားရှစ်ဦး သေဆုံးခဲ့သည်။

နေတန်ယာဟု၏ ဝေဖန်မှုသည် ဂါဇာကို ဝင်လာသော အကူအညီများနှင့်ပတ်သက်၍ နိုင်ငံရေးဆိုင်ရာ တင်းမာမှုများကို မီးမောင်း ထိုးပြလျက်ရှိသည်။ ဂါဇာသည် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ တိုးလာနေသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက သတိပေးထားသည်။

နေတန်ယာဟု၏ အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့တွင် မျိုးချစ်ဘာသာရေးပါတီတစ်ခုကို ဦးဆောင်သော အမျိုးသားလုံခြုံရေးဝန်ကြီး အီတမာဘင်ဂဗီးယားက နည်းဗျူဟာဆိုင်ရာ အပစ်အခတ်ရပ်စဲမှုကို ဆုံးဖြတ်သူ မည်သူမဆို အလုပ်ပြုတ်သွားသင့်သည့် အရူးအနှမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကတောက်ကဆတ်ဖြစ်ပွားမှုသည် ယခုအခါ ကိုးလထဲဝင်ရောက်လာပြီဖြစ်သော စစ်ပွဲကိစ္စကိုယ်တွယ်ပုံနှင့် ပတ်သက်၍ ညွန့်ပေါင်းပါတီဝင်များနှင့်စစ်တပ်တို့ ဖြစ်ပွားနေသည့် ဆက်တိုက်ပြဿနာများထဲက နောက် ဆုံးပြဿနာ ဖြစ်လာခဲ့သည်။

နိုင်ငံရေးအမြင်မျှသူဖြစ်သော ဗိုလ်ချုပ်ဟောင်း ဘင်နီဂန့်ဇ်အစိုးရအဖွဲ့မှ နုတ်ထွက်သွားပြီးနောက် တစ်ပတ်အကြာတွင် ယခုပြဿနာဖြစ်ပွားခြင်းဖြစ်သည်။ နေတန်ယာဟုသည် ဂါဇာကိစ္စတွင် ထိရောက်သော မဟာဗျူဟာမရှိဟု ဘင်နီဂန့်ဇ်က စွပ်စွဲပြောကြားခဲ့သည်။

အစွန်းရောက် အော်သိုဒေါ့ဂျူးများကို စစ်သားအဖြစ်စုဆောင်းရေးနှင့်သက်ဆိုင်သော ဥပဒေတစ်ရပ်ကို လွန်ခဲ့သော သီတင်းပတ်တွင် ပါလီမန်၌ မဲခွဲသည့်အခါ ကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်သည် ပါတီ၏ညွန်ကြားချက်များကို ဆန့်ကျင်ကာ အဆိုပါဥပဒေကို ကန့်ကွက်မဲပေးခဲ့သည်။ စစ်တပ်၏ လိုအပ်ချက်များအတွက် မလုံလောက်ဟု ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

အစွန်းရောက် အော်သိုဒေါ့ဘာသာဝင်များကို စစ်သားအဖြစ်စုဆောင်ခြင်းအား ညွန့်ပေါင်းအဖွဲ့ထဲက ဘာသာရေးပါတီများက ပြင်းထန်စွာ ဆန့်ကျင်ခဲ့ကြသည်။ စစ်ပွဲဖြစ်ပွားနေချိန်အတွင်း ဘာသာရေးပါတီများ၏ ကန့်ကွက်မှုများကို အစ္စရေးပြည်သူများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြသည်။

လျင်မြန်စွာ တိုးပွားလာနေသော အစွန်းရောက် အော်သိုဒေါ့ဘာသာဝင်များထဲမှ နောက်ထပ်စစ်သားများ စုဆောင်းရန် အတိအကျလိုအပ်နေသည်ဟု စစ်တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဟာဇီဟာလီဗီက ဇွန် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကလည်း ဂါဇာတွင် အသက်ငါးနှစ်အောက် ကလေးပေါင်း ၈,၀၀၀ ကျော်သည် ဆိုးရွားသည့် အာဟာရချို့တဲ့မှုကြောင့် ကုသမှုခံယူခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။

          Ref:Reuters

Most Read

Most Recent