အုံ့ဆိုင်းနေတဲ့ မိုးတိမ်တွေ၊ တောင်လေနဲ့အတူ လွင့်ပျံလာတဲ့ မိုးသားဖွဲဖွဲတွေကိုငေးရင်း ဒေါနတောင်ကိုကျော်ရမယ့်ခရီးအတွက် စိုးထိတ်နေမိပါတယ်။မသွားမဖြစ်လို့သာပေါ့။
ထီးနဲ့ ဖိနပ်မပါရင် နွေခါမှသိမယ်။ ဒါနနဲ့ သီလမပါရင် သေခါမှသိမယ်။ ခုတော့ ဘာတဲ့။ ရေသန့်နဲ့ မုန့်ခြောက် မပါရင် မြဝတီလာမှ သိမယ်တဲ့။
"မိုးရွာနေရင် သုံးညအိပ ်လေးရက်၊ မိုးမရွာ နေသာနေရင်တော့ နှစ်ညအိပ်သုံးရက် အသာလေးပဲ" လို့ ကားအတူစီးလာသူ ခရီးသည်အမျိုးသမီးတစ်ဦးက သူ ကြားဖူးနာဝစကားကို ပြန်ဖောက်သည် ချတယ်။
မဟူရာကတ္တရာလမ်းပေါ် ပြေးနေတဲ့ ကားလေးဟာ မိုးလေအောက်မှာ ခရီးသည်တွေကို သယ်ဆောင်လို့လာခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ကနေ မနက်ပိုင်း ၉ နာရီခန့်က ထွက်လာခဲ့ပေမဲ့ လမ်းခရီးက အရင်လို မဖြောင့်ဖြူးဘဲကိုး။
စစ်တောင်းတံတားကျော်လာပြီဆိုတာနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ခပ်စိတ်စိတ်ရပ်ပေးလာရတယ်။ နာရီနဲ့ချီပြီး စောင့်ဆိုင်းကြရတဲ့ X-RAY စက်နေရာမှာ ကားတွေ အရင်လောက်မများလို့သာပေါ့။ ကားတွေ များလို့ကတော့ ယခင်က သုံးနာရီလောက် စောင့်ဆိုင်းဖူးပါရဲ့။
သံလွင်တံတား (အားအံ) ကို ဖြတ်ကျော်လာတော့ သံလွင်ရဲ့ တစ်ဖက်ကမ်းစစ်ဆေးရေးဂိတ်မှာ ကားဆရာက လက်လေးထုတ်ပြီး ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ တစ်စုံတစ်ခုကို လှမ်းပေးလိုက်ရင်း ဆယ့်နှစ်သုံးလို့ လှမ်းအော်လိုက်တာ သတိထားမိပေမဲ့ ကားဆရာ ဘာအော်လဲဆိုတာတော့ အဖြေကို တွေးမရခဲ့။
သေချာပြန်မေးတော့မှ "ခရီးသည် ၁၂ ယောက်ပါတဲ့အထဲ မှတ်ပုံတင်မပါတဲ့သူ သုံးယောက်ပါလို့ လမ်းကြေးရှင်းပေးလိုက်တာပါ။ ဒါ ရန်ကုန်က အလာမို့။ မြဝတီက အဆင်းဆိုရင်တော့ လမ်းကြောတွေရှိပါတယ်။ ကျွန်တော်တို့လို လိုင်းကားတွေတော့ မဟုတ်ဘူး။ သီးသန့်ကားတွေ၊ လမ်းမှာ အစစ်ဆေးမခံချင်ဘူးဆိုရင် ကားခတစ်ယောက်ကို သုံးသိန်းခွဲက ငါးသိန်းအထိရှိတယ်။ ကာစီနို တရုတ်တွေဆိုရင်တော့ ၁၀ သိန်းကနေ သိန်း ၂၀ အထိ ပေါက်စျေးရှိနေတယ်။ ဒီလမ်းကြောမှာက ပေါင်းစားတတ်ရင် ကြီးပွားပါတယ်" လို့ ဆိုပါတယ်။
သာမညတောင်ခြေကျော်လာတော့ ဇရပ်အမိုးတစ်ခုအောက်ကနေ စိမ်းစိုစိုရော်ဘာတောအလယ်က မြေနီလမ်းအတိုင်း ချိုးကွေ့မောင်းနှင်လာလိုက်တာ ကားလေးတုံ့ခနဲရပ်လိုက်တော့မှ သတိထားမိတာက အရှေ့မှာ မြစ်ချောင်းငယ်တစ်ခု ကျုံဒိုးချောင်း။
ရေတိုင်ကီတွေနဲ့ပြုလုပ်ထားတဲ့ ဖောင်ပေါ်မှာ ကားလေးသုံးစီးတင်ပြီး ကူဘိုတာစက်နှစ်လုံးနဲ့ မောင်းလာတယ်။
ချောင်းတစ်ဖက်ကို ကားတွေ ဖောင်နဲ့ကူးရမယ်ဆိုပဲ။ ခရီးသည်တွေက ကားပေါ်ကဆင်းပြီး အညောင်းအညာဖြေကြတာပေါ့။ ယခင်ကဆိုရင် သာမည-ကျုံဒိုး-ကော့ကရိတ်-ဒေါနတောင်ကို အာရှလမ်းသစ်က နာဝီဝက်လောက် ကားမောင်းလိုက်ရင် မြဝတီရောက်ပြီ။ ဒီလမ်း၊ ဒီခရီးမသွားဖူးတော့ တွေ့သမျှ မြင်သမျှ နယ်မြေတောတောင်တွေက ဆန်းသစ်လို့နေတယ်။ တချို့လူငယ်တွေကလည်း ဖောင်စီးရင် ဆယ်ဖီဆွဲနေကြလေရဲ့။
အနာဂတ်ကို ကိုယ်တိုင် ထုဆစ်မယ်ဆိုတဲ့လူငယ်တွေ။ သူတို့ရော ဘယ်ခရီးနှင်ကြမလဲ။ မြဝတီအထိပဲလား။ ထိုင်းကိုဆက်သွားကြမလား။ သူတို့ရဲ့မျက်ဝန်းတွေဟာ ပျော်ရွှင်မှုတွေ၊ မျှော်လင့်ချက်တွေနဲ့ပေါ့။
ချောင်းတစ်ဖက်ကမ်းကို ရောက်တော့ ကားပေါ်ကိုကသောကမော ပြေးတက်၊ မွန်ရွာလမ်းအတိုင်း ဒေါနတောင်ခြေဘက်ကိုဦးတည်မောင်းနှင်နေတယ်။
လေမတိုက်ပေမဲ့ မိုးသားတွေ အိကျနေတယ်။ သဲသဲမဲမဲ ရွာချနေတော့ ညနေ ၅ နာရီကျော်ရုံ ရှိသေးပေမဲ့ မှောင်စပျိုးနေပြီ။ ထို့ကော်ကိုးကားကြီးဝင်အနီး တတံားထိပ်က ထမင်းဆိုင်ဆိုင်ရှေ့မှာ ကားလေးတုံ့ခနဲ ရပ်သွားတယ်။
ကားဆရာ ဆင်းလာပြီး "အားလုံးပဲ ညီကိုတို့။ ကျွန်တော်တို့ကားကတော့ ဒီမှာဂိတ်ဆုံးပြီ။ မနက်ကျရင် တောင်တက်ကားနဲ့ပြောင်းစီးရပါမယ်။ ဒီမှာ ညအိပ်မယ်နော်။ အဆင်ပြေတဲ့နေရာပေါ့။ ထမင်းဆိုင်ပိုင်ရှင် အမိုးကြီးကတော့ သဘောကောင်းပါတယ်" လို့ ဆိုပါတယ်။
အထုပ်အပိုးတွေ၊ စားစရာတွေ၊ ရေသန့်ဘူးတွေကို ကားပေါ်ကပြန်ချကြတယ်။ ဒေါနတောင်ခြေရှိ ထမင်းဆိုင်ရဲ့ တစ်နေရာမှာ တစ်ညအိပ်လိုက်ရပြီဖြစ်ပါတယ်။
ထို့ကော်ကိုး (နော်တယားမြို့သစ်) ဒေသတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘိုး ဦးထိန်မောင်ဦးဆောင်တဲ့ KNU/KNLA (Pc) ငြိမ်းချမ်းရေးကောင်စီက တည်ထောင်ထားတဲ့မြို့သစ်။ ထို့ကော်ကိုး ဒေါနတောင်ကျော်လမ်းဟာ ယခင်ခရီးသွားတွေနဲ့ ကုန်စည်ပို့ဆောင်ရေးအတွက် ဒေါနတောင်ကျော်လမ်းဟောင်းတစ်ခုတည်းကိုသာ အသုံးပြုခဲ့စဉ်ကပင် မှောင်ခိုလမ်းကြောင်းအဖြစ် တွင်ကျယ်ခဲ့တဲ့လမ်းလည်းဖြစ်ပါတယ်။
ယခုအခါ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ကပြီး အာရှလမ်းသစ်က အသွားအလာပိတ်ထားဆဲဖြစ်တော့ ထို့ကော်ကိုးလမ်းအပြင် သစ်ကတေ ကြက်ဦးတောင်လမ်း၊ ၁၀၁၈ လမ်းဆိုပြီး လမ်းသုံးသွယ်ရှိပေမဲ့ အားလုံးကမြေသားလမ်းတွေပါ။ ထို့ကောင်ကိုးလမ်းမှာကျ အတက်ဘက်မှ ကွန်ကရစ်လမ်းတွေ အတော်အသင် ့ရှိနေပါပြီ။
နောက်နေ့မနက်မှာတော့ မိုးမရွာပါစေနဲလို့ တောင်းဆုမပြည့်ခဲ့။ မိုးကာလ သဲသဲမဲမဲ။ နံနက် ၈ နာရီခန့်မှာတော့ တောင်တင်ကား၊ Vego တစ်ခန်းခွဲ၊ Double Cap တစ်စီး ဆိုင်ရှေ့ကိုရောက်လာတယ်။
မနေ့က စီးလာတဲ့ကားဆရာက ဦးဆောင်းနေရာချပေးတယ်။ အမိုးမပါတဲ့ ကားနောက်ခန်းမှာ မိုးကာပါးပါးလေးကိုယ်စီဝတ်လို့။ ကျပ်ကျပ်ပ်တည်းတည်း ဖြစ်သလိုထိုင်ကြရတယ်။ ရှေ့ခန်းယာဉ်မောင်းဘေးမှာ တစ်ယောက်၊ ယာဉ်နောင်းနောက်မှာ လူငယ်သုံးယောက်ကို နေရာချပေးထားတယ်။ တခြားလူထိုင်ချင်ပါတယ်ဆိုလို့မရ။ စျေးနှုန်းမတူဘူးလေ။ ကိုယ်တွေက ရန်ကုန်-မြဝတီအထိ ၁၃၀၀၀၀ ကျပ်၊ သူတို့က ၃၅၀၀၀၀ ကျပ်၊ မှတ်ပုံတင်မပါလို့ VIP သွားတာဆိုပဲ။
ကားခတွေစျေးကြီးတာလည်း မပြောနဲ့လေ။
လမ်းခရီးကြမ်းကြမ်း၊ ကားအဆင့်ဆင့်စီးရသလို လမ်းတစ်လျှောက် အကောက်ဂိတ်တွေက များလွန်းလို့ ကားဆရာက ကာလီမန် မယ်တော်လက်ငှားထားတယ်ဆိုပဲ။ ဟောတစ်ဂိတ်၊ ဟောတစ်ဂိတ်၊ ခရီးသည်တွေက ကားခကျသလောက်ရှင်းပြီးရင် ဘာမှ မသိတော့ပေမဲ့ ကားဆရာတွေ၊ ကုန်ကားဆရာတွေက နဖူးတွေ့ဒူးတွေ၊ အန်ဇာတုံးကားတစ်စီးရဲ့ ဂိတ်ကြေးဟာ တစ်ကြောင်းတည်းကို ကျပ်ငါးသိန်းဝန်းကျင် ကုန်ကျတယ်လို့သိရတယ်။
မနက်စာစားပြီး ကားထွက်လာတယ်။ တောင်အတက် ကွေ့လေးကိုရောက်တယ်ဆိုရင်ပဲ ကားတန်းကြီးက တုံ့ဆိုင်းနေပြီ။ ရှေ့မှာ စစ်ဆေးရေးဂိတ်၊ တောင်တက်ခွင့် လက်မှတ်ဖြစ်ဖို့ တန်းစီစောင့်ဆိုင်းနေရတာလို့ဆိုတယ်။
ယာဉ်တန်းရှည်ကြီးက တရွ့ရွေ့မောင်းတက်လာလိုက်တာ ကွန်ကရစ်ခင်းထားတဲ့ လမ်းဆုံးက်ိုလည်းရောက်ရော အမောဆို့နေတဲ့ အပြေးသမားလို ရပ်တန့်သွားပြန်တယ်။
"နောက်ခန်းကအဖွဲ့တွေဆင်းပြီး ကူကြပါဦး။ ဘီးမလိမ့်တော့ဘူး။ ရွှံ့ဗွက်တွေထဲ နစ်နေပြီ" လို့ ကားဆရာကေ ပြာတော့ အကုန်ဆင်းထွန်းရပါတော့တယ်။ ကားခ တစ်သိန်းကျော်ပေးရတဲ့သူလည်းတွန်း၊ သုံးသိန်းကျော်ပေးပြီးစီးတဲ့သူလည်း တွန်းပေါ့။ ရွှံ့ဗွက်တွေက လူတန်းစားမခွဲခြား၊ တန်းညှိပေးနေတယ်။ ကိုယ်တွေရှေ့မှာ လယ်ထွန်စက်နဲ့ ဆွဲနေတဲ့ ပရိုဘောက်ကားလေးတစ်စီးက လိမ်ဖည်လိမ်ဖည်နဲ့ သွားနေတယ်။
ဒီရွှံ့ဗွက်တွေကို ထွန်စက်နဲ့ထိုးချပြီး ကျောက်ကြီးချ၊ ပြီးရင် စက်နဲ့ကြိတ်လိုက်ရင် အဆင်ပြေသွားမယ်မလားလို့ ကားဆရာကိုမေးပြောလေး ပြောမိတာသူဘာပြောတယ်ထင်လဲ။ ထွန်စက်က ရွှံ့ဗွက်တွေကိုဘယ်ထိုးချမလဲ။ ကားဆွဲတာက ပိုပြီးအလုပ်ဖြစ်နေတာတဲ့လေ။
ကိုက်သုံးရာလောက်ရွှံ့ဗွက်ထဲ လမ်းလျှောက်လာလိုက်တာ ဖတ်ဖတ်ကိုမောရော။ လူငယ်တွေကတော့ မောရကောင်းမှန်းတောင်မသိ။ ကျောက်သားရှိတဲ့နေရာရောက်မှ ကားပေါ်တက်ဖြစ်ကြတယ်။ မကြာလိုက်ပါဘူး။ ၁၀ မိနစ်လောက်ပဲထိုင်လိုက်ရသေးတယ်။ မိုးသည်းလာပြန်ရော။ အဆင်းဘက်ကိုရောက်နေပေမဲ့ လမ်းပေါ်မှာ ရေစီးမြောင်းသဖွယ်ဖြစ်နေတော့ ကားမောင်းရခက်နေတယ်။ အကွေ့အကောက် အနိမ့်အမြင့်တွေဖြစ်နေတော့ မတော်လို့ ဘေးချော်သွားရင် ချောက်ထဲကျသွားနိုင်တယ်။ အန္တရာယ်ရှိတဲ့ အဆင်းလမ်းဆိုတော့ အသက်အန္တရယ်ကင်းဖို့ လမ်းဆင်းလျှောက်ရပြန်တယ်။
ဝန်စည်စလယ်တွေနဲ့ မြဝတီကလာတဲ့ ကုန်တင်ယာဉ်အသေးစားတွေကတော့ တောင်အတက်ခရီးမို့ အလွန်ခက်ခဲနေတာပေါ့။ ကားလေးတွေနဲ့ ခရီးနှင်လာကြသူတွေကတော့ ကိုယ်တွေလိုလမ်းလျှောက်နေကြတာပေါ့။ လမ်းလျှောက်ရင်းကနေ ကားစီး၊ ကားစီးပြီးရင် လမ်းဆင်းလျှောက်နဲ့ ကားဆရာကလည်းမဆုတ်မနစ်သော ဇွဲကလေးနဲ့ မောင်းလာလိုက်တာ နေညိုညို ညနေသန်းချိန်မှာတော့ ဒေါနတောင်ခြေ အရှေ့ခြမ်း ကျော်ခို့ရွာကိုရောက်လာပါတော့တယ်။ တောင်ပေါ်မှာ တစ်ညထပ်ပြီး မအိပ်ခဲ့ရတာကို ကျေးဇူးတင်နေမိပါရဲ့။
ကျော်ခို့-မဲ့ပလေ့ -ဝှေ့ရှမ်း-ညီနောင် မြဝတီလမ်းက သွားချင်ပေမဲ့ အခြေချစစ်ဗျူဟာနဲ့ တပ်စခန်းများစွာတည်ရှိတဲ့ သင်္ဃန်းညီနောင် ပတ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် သွားလာခွင့်မရဘဲ ကျော်ခို့-နဒီလင်းမြိုင်-မြဝတီလမ်းမှ လာခဲ့ကြပါတယ်။
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ ဒေါနတောင်ကျော်အာရှလမ်းသစ် ဘယ်တော့ ပြန်ဖွင့်ပေးမလဲ မျှော်လင့်နေကြပေမဲ့ ပိတ်ထားဆဲ ဖြစ်တဲ့အတွက် သွားလာရေးခက်ခဲတာ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်ရတဲ့ စိန်ခေါ်မှုတွေအောက်မှာ ပြည်သူတွေ ဘယ်လောက်အထိ အလူးအလဲခံနေကြရမလဲဆိုတာကိုတော့ ရင်မောစွာနဲ့ စောင့်ကြည့်နေရမှာပဲဖြစ်ပါတယ်။