အစ္စရေးက ဂါဇာကို ပြင်းထန်သည့် လေကြောင်းစစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ပြီးနောက် ဟားမာ့စ်နှင့်ဆွေးနွေးရန် အသင့်ရှိဟုပြောကြား

အစ္စရေးက ဂါဇာကို ပြင်းထန်သည့် လေကြောင်းစစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ပြီးနောက် ဟားမာ့စ်နှင့်ဆွေးနွေးရန် အသင့်ရှိဟုပြောကြား
မေ ၂၃ ရက်ညပိုင်းတွင် အစ္စရေးဗုံးကြဲမှုကြောင် နူဆေးရတ်ရှိ ပျက်စီးသွားသောအိမ်၏အပျက်အစီးများပေါ်တွင် ပါလက်စတိုင်းကလေး မတ်တပ်ရပ်နေပုံကိုတွေ့ရစဉ် (Photo: AFP)
မေ ၂၃ ရက်ညပိုင်းတွင် အစ္စရေးဗုံးကြဲမှုကြောင် နူဆေးရတ်ရှိ ပျက်စီးသွားသောအိမ်၏အပျက်အစီးများပေါ်တွင် ပါလက်စတိုင်းကလေး မတ်တပ်ရပ်နေပုံကိုတွေ့ရစဉ် (Photo: AFP)
Published 24 May 2024

မေ ၂၃ ရက်တွင် အစ္စရေးက ဂါဇာကိုပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အောက်တိုဘာ ၇ ရက်ကတည်းက ဖြစ်ပွားနေသောစစ်ပွဲရပ်ဆိုင်းစေရန် ဟားမာ့စ်နှင့်အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများလွတ်မြောက်ရေးတို့အတွက် ရပ်ဆိုင်းထားသည့် ဆွေးနွေးပွဲများ ပြန်လည်စတင် အသင့်ရှိနေကြောင်းပြောကြားခဲ့သည်။

ဂါဇာကိုအရုဏ်ဦးလေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးသူငယ် ၁၅ ဦး အပါအဝင် လူ ၂၆ ဦးသေဆုံးသွားသည်ဟု ဂါဇာကမ်းမြောင်၏မြို့ပြကာကွယ်ရေး အေဂျင်စီက ပြောကြားခဲ့သည်။

အယ်လ်ဒါဂျာဧရိယာတွင်တိုက်ခိုက်မှုတစ်ခုက မိသားစု နေအိမ်ကို ထိမှန်သွားသောကြောင့် လူ ၁၆ ဦးသေဆုံးသွားခဲ့ပြီး  ဗလီဝင်းထဲကို နောက်ထပ်တိုက်ခိုက်မှုကြောင့်လည်း လူ ၁၀ ဦးသေဆုံးသွားခဲ့သည်ဟု ယင်းအေဂျင်စီပြောရေးဆိုခွင့်ရ မာမွတ်ဘက်ဆယ်က ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက် ၍ အစ္စရေးစစ်တပ်က ဖြေကြားခြင်းမရှိပေ။

ဟားမာ့စ် လက်နက်ကိုင်တပ်ဖွဲ့ခွဲများနှင့် ဟားမာ့စ်မဟာမိတ်ဖြစ်သော အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့တို့ရှိရာ ဂါဇာ၏ ဂျာဘာလီယာနှင့် ရာဖာတို့တွင် ပြင်းထန်သည့် လမ်းပေါ်ကတိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ အစ္စရေးစစ်သားများကို မော်တာဖြင့်ဆက် တိုက်ပစ်ခဲ့သည်ဟု ၎င်းအဖွဲ့များက ပြောကြားခဲ့သည်။

ဥရောပနိုင်ငံသုံးနိုင်ငံက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုလိမ့်မည်ဟု မေ ၂၂ ရက် ၎င်းနိုင်ငံတို့က ပြောကြားခဲ့သောကြောင့် အပစ်အခတ်ရပ်စဲရေးအတွက်အစ္စရေးနှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ ဟုတို့ကို နိုင်ငံတကာဖိအားပေးမှုများ တိုးလာခဲ့သည်။

စစ်ရာဇဝတ်မှုများ၊ လူသားအပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့်ပတ်သက်၍ သံသယရှိသည်ဆိုကာ ICC ရှေ့နေခါရင် ခမ်းသည်နေတန်ယာဟုနှင့်ကာကွယ်ရေးဝန်ကြီးယိုအက်ဂါးလန့်တို့ကိုသာမကဟား မာ့စ်ထိပ်တန်းခေါင်းဆောင်သုံးဦးတို့ကိုလည်း ဖမ်းဝရမ်းများထုတ်ပေးရန် လျှောက်ထားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂါဇာစစ်ရာဇဝတ်မှုများဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ ၎င်း၏ဖမ်းဝရမ်းအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)ရှေ့နေ၏လျှောက်လှဲချက်ကို မေ ၂၀ ရက်တွင်စိတ်မနှစ်မြို့ဖွယ်ပယ်ချခဲ့သည်။

အိုင်ယာလန်၊ နော်ဝေ၊ စပိန်တို့က လာမည့်သီတင်းပတ်တွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုပြီးနောက်အစ္စရေးနှင့် ယင်းနိုင်ငံတို့၏ဆက်ဆံရေးများတွင် စိုးရိမ်စရာကောင်းသော အကျိုးဆက်များရှိလာလိမ့်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနအကြီးတန်း တာဝန်ရှိသူ ဂျက်ကော့ဘလစ်စတိန်းက အဆိုပါသုံးနိုင်ငံ၏သံတမန်များကို မေ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

သို့ရာတွင် ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် အစ္စရေးပြည်သူများက နေတန်ယာဟု၏ရုံးခန်းအပြင်ဘက်တွင် ဆန္ဒပြတောင်းဆိုမှုများ ထပ်မံလုပ်ဆောင်ခဲ့ခြင်းကြောင့်လည်း ပြည်တွင်း၌ ဖိအားများတိုးလာနေသည်။

မေ ၂၂ ရက်တွင် ထွက်ပေါ်လာသော ဗီဒီယို၌ ပါလက်စတိုင်းစစ်သွေးကြွများက ဖမ်းဆီးထားသော အစ္စရေးအမျိုးသမီးစစ်သည်ငါးဦးကို ကြိုးတုပ်လျက်တွေရပြီး အချို့၏မျက်နှာများတွင် သွေးစွန်းနေသည်ကို မြင်ရသည်။

အဆိုပါ ဗီဒီယိုတွင် မြင်ရသည့်မြင်ကွင်းမျိုး ဘယ်တော့မှ ဖြစ်မလာရေးအတွက် ဟားမာ့စ်ကို ဆက်လက်တိုက်ခိုက်သွားမည်ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

သို့ရာတွင် ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် အစ္စရေးစေ့စပ်ညှိနှိုင်းရေးအဖွဲ့က ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် အစ္စရေးစစ်ကော်မတီက မေတ္တာရပ်ခံထားသည်ဟု နေတန်ယာဟု၏ရုံးက ထုတ်ပြန်ခဲ့သည်။                          

Ref: AFP

Most Read

Most Recent